နေပြည်တော် ဒီဇင်ဘာ ၁၁
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၂/၂၀၂၁)၊ (၄/၂၀၂၁)၊ (၇/၂၀၂၁) နှင့် (၈/၂၀၂၁)တို့ပါ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၃၄)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ် ရာထူး(၈၉၀)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန (၅) ခု၌ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။
အဆိုပါ ရေးဖြေစာမေးပွဲ ကျင်းပနေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ် (၇)နှင့် (၁၁) အခြေခံပညာအထက်တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာနများသို့ လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ အမှတ်(၈)နှင့်(၁၁) အခြေခံပညာ အထက်တန်းကျောင်းများရှိ မန္တလေးစာစစ်ဌာနများသို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများကို လိုက်လံအားပေးစကား ပြောကြားသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်းဝင်အဆင့် စတင်ခန့်အရာထမ်းရာထူးများကို ရွေးချယ်ပေးလျက်ရှိရာတွင် အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန်ဖြစ်စေရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များအား အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယခုရေးဖြေစာမေးပွဲသို့ လာ ရောက်ဖြေဆိုကြသူ စုစုပေါင်း (၂၉၇၇)ဦး ရှိကြောင်း သိရသည်။
(သတင်းစဉ်)


