နေပြည်တော် ဒီဇင်ဘာ ၁၁

ဒူဘိုင်းကုန်စည်ပြပွဲ ာဆီယံနိုင်ငံများဆိုင်ရာ သမုဒ္ဒရာရေရှည်တည်တံ့စေရေး အဆင့်မြင့်ဆွေးနွေးပွဲ (High- Level Forum) ကို ဒီဇင်ဘာ ၁၀ ရက်က United Arab Emirates (UAE) နိုင်ငံ၊ ဒူဘိုင်းမြို့ Dubai Expo 2020 (Business Connect Centre)၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က မြန်မာနိုင်ငံအနေဖြင့် Blue Ocean Economy သမုဒ္ဒရာရေရှည် တည်တံ့စေရေးဆိုင်ရာ ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့် အာဆီယံ၏ လုပ်ငန်းစဉ်များတွင် တက်ကြစွာပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံအစိုးရ အချင်းချင်းနှင့်  အစိုးရအဖွဲ့အစည်းများနှင့်သာမက ဖွံ့ဖြိုးရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်လည်း လက်တွဲ ဆောင်ရွက်လျက်ရှိရာ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက် ခြင်းသည် ထင်ရှားသည့်သာဓကတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝပြီး၊ နိုင်ငံ၏ ပထဝီအနေအထားအရ ကွဲပြားသောရာသီဥတုများကို ပိုင်ဆိုင်ပါကြောင်း၊ နိုင်ငံမြောက်ပိုင်းတွင် နှင်းဖုံးသောရေခဲတောင်တန်းများတည်ရှိပြီး၊ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ထိုင်းနိုင်ငံ နယ်စပ်အထိ ကမ်းရိုးတန်းအရှည် ကီလိုမီတာ(၃၀၀၀) ခန့်ရှိကြောင်း၊ နိုင်ငံ တောင်ဖက်စွန်းတွင် တည်ရှိသော မြိတ်ကျွန်းစုသည် ကျွန်းပေါင်း (၈၀၀) ကျော်ခန့်ရှိပြီး သန္တာကျောက်တန်းများသည်လည်း သဘာဝအတိုင်း တည်ရှိဆဲဖြစ်ကြောင်း၊ ထို့အပြင် သဘာဝသယံဇာတများ ရေရှည်တည်တံ့ စေရန်ရည်ရွယ်၍ တည်ထောင်ထားရှိသည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် အပါအဝင် ရွေ့ပြောင်းကျက်စားသည့် ငှက်မျိုးများ ရာသီအလိုက် လာရောက်နားခိုရာဒေသများ၊ ပင်လယ်လိပ်မျိုးများ မျိုးမပြုန်းတီးစေရေး ကာကွယ်ထားသည့် ကျွန်းများနှင့် အခြားရေနေသယံဇာထိန်းသိမ်းရေးဇုန်များလည်း တည်ထောင် ဆောင်ရွက်လျက်ရှိပါကြောင်း

ယနေ့အစည်းအဝေးတွင်ပါဝင်တက်ရောက်သူများအနေဖြင့်  Blue Ocean Economy သမုဒ္ဒရာရေရှည် တည်တံ့စေရေးဆိုင်ရာ လုပ်ငန်းများတွင်အောင်မြင်စွာ ဉီးဆောင်ပါဝင် နေကြသူများဖြစ်ကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဆွေးနွေးပွဲမှ ရရှိသည့် အတွေ့အကြုံများကို အားလုံးနှင့်  လက်တွဲ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ယခုဖိုရမ် တွင် နိုင်ငံအသီးသီးမှအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အလေ့အကျင့်ကောင်းများ ကိုအခြေခံ၍ မြန်မာနိုင်ငံတွင် အလားတူ ဆွေးနွေးပွဲများကိုအိမ်ရှင်နိုင်ငံ အဖြစ်ဆောင်ရွက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ကျင်းပသည့် High Level Forum ကို James Michel Foundation UAE နိုင်ငံအစိုးရ နှင့်အာဆီယံအဖွဲ့တို့ပူးပေါင်း၍ Dubai Expo-2020 ဒူဘိုင်းကုန်စည်ပြပွဲ- ၂၀၂၀ ကာလအတွင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နှင့်ရေလုပ်ငန်းဆိုင်ရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ဝန်ကြီးများနှင့် UAE နိုင်ငံဝန်ကြီး၊ အာဆီယံအဖွဲ့အတွင်းရေးမှူးချုပ်၊   James Michel Foundation ဉက္ကဌ နှင့်အခြားအစိုးရမဟုတ်သည့် ပုဂ္ဂလိက အဖွဲ့အစည်းများ မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များအားဖိတ်ကြားပြီး ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)