ရန်ကုန် ဒီဇင်ဘာ ၁၁
ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း၏ (၂၄)ကြိမ်မြောက် အဖွဲ့ဝင်များ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ Mercure Hotel ၌ ကျင်းပသည်။
အစည်းအဝေးတွင် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၊ ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်း ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးလျက်ရှိသည့် ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်းနာယက ဦးလှမောင် (သံအမတ်ကြီး-ငြိမ်း) ကိုယ်စားအဖွဲ့ဝင်(အတွင်းရေးမှူး) ဦးမောင်မောင်အောင်နှင့် ဖောင်ဒေးရှင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန်တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် (၂၄)ကြိမ်မြောက်အဖွဲ့ဝင်များ၏ နှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသည့် စီမံခန်ခွဲ့မှု ကော်မတီ၏အစီရင်ခံစာ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဌာရေးနှစ်၊ ဘဏ္ဍာရေးစာရင်းရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာများ အတည် ပြုခြင်းတို့ကို အစီအစဉ်အတိုင်းဆောင်ရွက် ကြသည်။
အဆိုပါ ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်းကို ဆရာကြီး ဦးလှထွန်းမှ ကင်ဆာ ဝေဒနာခံစားနေရသော ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ရန် (၁၉၉၈) ခုနှစ်တွင် ကုတင်(၆၀)ဆန့် ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းကို ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် မတည်လှူဒါန်းတည်ထောင်ခဲ့သည်။
ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်း၏ အတွင်းလူနာ(ကင်ဆာ)ဗဟိုကို ရန်ကုန်တွင် အမှတ်(၂)လမ်းမကြီး ဒဂုံအရှေ့မြိုနယ်နှင့် မန္တလေးတွင် နန်းရှေ့စျေးအနီး ဖွင့်လှစ်ထားရှိသည်။ ဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ ရန်ကုန်နှင့်မန္တလေး ဆေးရုံနှစ်ရုံတွင် ကင်ဆာဝေဒနာရှင် (၆၅၉၆)ဦးကို ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
(ကျော်စိုး)


