ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ကမ္ဘာ့ဘဏ်ကချေးငွေ ကန်ဒေါ်လာ သန်း ၆၀၀ ပေးအပ်မည်

မနီလာ ဒီဇင်ဘာ ၁၂

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် ချေးငွေ ကန်ဒေါ်လာ သန်း ၆၀၀ ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ ပြောကြားသည်။ ကမ္ဘာ့ဘဏ်က ယခုပေးအပ်မည့် ချေးငွေသည် ဖိလစ်ပိုင်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဖြစ်သော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ကုန်ကျစရိတ်များ လျှော့ချရေးနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာလုပ်ငန်းနယ်ပယ်၌ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေး ဆောင်ရွက်ရာတွင် ကျခံသုံးစွဲရန် ဖိလစ်ပိုင်နိုင်ငံအား ပေးအပ်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။

ဖိလစ်ပိုင်အစိုးရက လက်ရှိဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရန် လမ်းခင်းပေးခြင်းပင်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် အန်ဒေါ်မီဒီရော့စ်က ပြောကြားသည်။ မိုလ်ဘိုင်းဖုန်းအပါအဝင် သတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းသည် ဖိလစ်ပိုင်နိုင်ငံရှိ ကျေးလက်နေ ပြည်သူများအား အွန်လိုင်းမှတစ်ဆင့် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ