ဒီဇင်ဘာ ၁၂

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(က) တတိယနေ့ကို ယနေ့ညနေပိုင်းက စင်ကာပူနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။ မြန်မာအသင်းသည် တတိယပွဲအဖြစ် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ထိုင်းအသင်းကို အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရန် အခွင့်အရေး နည်းသွားပြီဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲတွင် ရလဒ်ကောင်းရယူနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် အဓိကပြိုင်ဘက်ဖြစ်သည့် စင်ကာပူနှင့် ထိုင်းတို့ကို အရေးနိမ့်ခဲ့သဖြင့် အခွင့်အရေးနည်းသွားခြင်းဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် တီမောကိုအနိုင်ရခဲ့သည့် ပွဲထွက်လူစာရင်းကို တစ်ဦးသာ ပြောင်းလဲခဲ့ပြီး မျိုးမင်းလတ်(ဂိုး)၊ ဒေးဗစ်ထန်၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ ဆွမ်လမန်၊ လှိုင်းဘိုဘို၊ မောင်မောင်ဝင်း၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ သန်းပိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ထိုင်းအသင်းကိုလည်း ချာနာသစ်၊ ဒန်ဒါစသည့် နာမည်ကြီးကစားသမားများက ဦးဆောင်ခဲ့ပြီး ၂၃ မိနစ်တွင် တိုက်စစ်မှူး ဒန်ဒါက ပထမဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းအသင်းက ဂိုးထပ်မံရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ မြန်မာအသင်းမှာလည်း ခံစစ်ကို အားပြုကစားခြင်းမရှိဘဲ အခွင့်အရေးရသည်နှင့် တိုက်စစ်ဖွင့်ကစားခဲ့ပြီး သန်းပိုင် အခွင့်အရေး နှစ်ကြိမ်ရသော်လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင်လည်း ထိုင်းအသင်းကသာ ဆက်လက်ဖိကစားခဲ့ပြီး ၅၃ မိနစ်တွင် ပယ်နယ်တီရရှိခဲ့ရာ ဒန်ဒါက သွင်းယူခဲ့သဖြင့် ဒုတိယဂိုးရခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းအသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့သော်လည်း မြန်မာအသင်းက ချေပဂိုးပြန်ရနိုင်သည့် အခွင့်အရေးများရခဲ့သည်။ လူစားဝင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း ဂိုးရနိုင်သည့်အခွင့်အရေးနှစ်ကြိမ်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့သည်။ ထိုင်းအသင်းအတွက် အနိုင်ဂိုးများကို ၇၇ မိနစ်တွင် ဝိုရာချစ်နှင့် ၉၀+၂ မိနစ်တွင် ဆူပါချော့တို့က သွင်းယူခဲ့သည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ယနေ့ကစားသည့် ပထမပွဲတွင် ဖိလစ်ပိုင်အသင်းက တီမောအသင်းကို ခုနစ်ဂိုးပြတ်အနိုင်ရခဲ့သည်။ အုပ်စုတတိယနေ့အပြီးတွင် စင်ကာပူနှင့် ထိုင်းအသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား သုံးမှတ်၊ မြန်မာအသင်းက သုံးပွဲကစား သုံးမှတ်ရထားပြီး တီမောအသင်းမှာမူ သုံးပွဲကစား သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း-ကိုညီလေး