မန္တလေး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခု၌ မီနီဘတ်ဂျက်ကာလအတွက် ဆောင်းဆီထွက်သီးနှံစိုက်ကေ ၂၉၂၀၀၀ ကျော်ကို လျာထားပြီး စိုက်ပျိုးဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးဝင်းက ပြောသည်။
မီနီဘတ်ဂျက်တွင် ခရိုင်ခုနှစ်ခရိုင်ရှိ မြို့နယ်အလိုက် စိုက်ပျိုးကြရာတွင် ဆောင်းမြေပဲ၊ ဆောင်းနှမ်း၊ ဆောင်းနေကြာ၊ ပန်းနှမ်းနှင့် ဆီမုန်ညင်း စသည့် ဆီထွက်သီးနှံဧက ၂၉၂၀၀၀ ကျော် စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ ဆောင်းဆီထွက်သီးနှံက စုစုပေါင်း ၂၁၇၀၀၀ ကျော်ကို စိုက်ပျိုးပြီးဖြစ်နေကြောင်း သိရသည်။
"ဆီထွက်သီးနှံစိုက်ပျိုးတာက ဒေသတွင်းမှာ ဆီဖူလုံမှုအတွက်ကို အဓိကရည်မှန်းချက်ထားပြီးမှ စိုက်ပျိုးနေတာပါ။ တိုင်းဒေသကြီးအတွင်းမှာတော့ ဆီဖူလုံမှုရှိပါတယ်။ ဆီထွက်သီးနှံများကို နှစ်စဉ်စိုက် ပျိုးပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ၊ တိုင်းဒေသကြီးအချုပ်အနေနဲ့ ဆောင်းမြေပဲက တစ်ဧကကို ၅၄ ဒသမ ၉၂ တင်း ထွက်ပါတယ်။ ဆောင်းနှမ်းကတစ်ကကို ၈ ဒသမ ၆၄ တင်းထွက်တယ်။ ဆောင်းနေကြာကတစ်ဧကကို ၂၆ တင်းခန့် ထွက်ပါတယ်။ ဆီမုန်ညင်းကတစ်ဧကကို ၇ ဒသမ ၇ တင်းထွက်ပါတယ်။ ပန်းနှမ်းက တစ်ဧကကို ၆ ဒသမ ၄တင်း ထွက်ရှိပါတယ်။ ဆောင်းဆီထွက်သီးနှံ စိုက်ပျိုးမှုများတာက ပြင်ဦးလွင်ခရိုင်ဖြစ်ပါတယ်" ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ဆောင်းဆီထွက်သီးနှံကို ခရိုင်အလိုက် လျာထားစိုက်ပျိုးကြသည့်ဧကများမှာ မန္တလေးခရိုင် တွင် ၅၄၁၃ ဧက၊ ပြင်ဦးလွင်ခရိုင်တွင် ၈၀၀၇၉ ဧက၊ ကျောက်ဆည်ခရိုင်တွင် ၆၁၀၁၆ ဧက၊ မိတ္ထီလာ ခရိုင်တွင် ၁၅၇၀၅ ဧက၊ မြင်းခြံခရိုင်တွင် ဧက ၆၂၆၆၀၊ ညောင်ဦးခရိုင်တွင် ၁၀၀၇၁ ဧက၊ ရမည်းသင်းခရိုင်တွင် ဧက ၅၈၀၀၀ စုစုပေါင်းစိုက်ဧက ၂၉၂၀၀၀ ကျော်ကို စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


