မုံရွာ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားစက်မှုလက်မှု လုပ်ငန်းများပေါ်ထွက်လာစေရန်နှင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများကို ချမ်းမြ၀တီရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းရှိ အဆိုပါရုံး အစည်းအဝေးခန်းမ၌ အခမဲ့ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထိုက်တန်က "တိုင်းဒေသကြီးအတွင်း ရာသီအလိုက် ပေါများစွာထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို အခြေခံပြီး အရည်အသွေးပြည့်မီတဲ့ ဘေးအန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့် စားသောက်ကုန်ပစ္စည်းတွေနဲ့ ပြည်ပသွင်းကုန် အစားထိုး လူသုံးကုန်ပစ္စည်းတွေကို ကောင်းမွန်စွာ ထုတ်လုပ်နိုင်ဖို့အတွက် ယခုလို အသက်မွေးဝမ်းကျောင်း သင်တန်းတွေကို အခမဲ့ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်" ဟု ပြောသည်။

“သင်တန်းကာလ တက်ရောက်ပြီးဆုံးသည်နဲ့ တစ်ပြိုင်နက် စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်တဲ့အထိ သင်ကြားပေးမှာဖြစ်ပြီး လုပ်ငန်းအတွက် လိုအပ်တဲ့ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းများ၊ စားသုံးသူတွေ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် ဓာတ်ခွဲစမ်းသပ်ပေးခြင်းတွေနဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်၍ ပြပွဲတွေမှာ ပါဝင်ပြသနိုင်ဖို့တို့အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် သင်တန်းတက်ရောက်သူများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းပြီး စနစ်တကျ ထုတ်လုပ်နိုင်စေရေးနည်းလမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ၏ အခွင့်အရေး အသိပညာပေးများနှင့် ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ မုန့်လုပ်ငန်းရှင်များအသင်းမှ မုန့်လုပ်ငန်းဆိုင်ရာ နည်းပညာများနှင့် လုပ်ငန်းခွင်ဆိုင်ရာ သိကောင်းစရာများကိုလည်း ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း အခမဲ့သင်တန်းများတွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်း နည်းပညာသင်တန်းကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိလည်ကောင်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိလည်းကောင်း ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်လိုသည့် စိတ်ပါဝင်စားသူများအနေဖြင့် ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား၍ စာရင်းပေးလျှောက်ထားနိုင်ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)