ကျွန်းလှ ဒီဇင်ဘာ ၁၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပထမခြောက်လဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကျေးရွာနှစ်ရွာအတွက် ငွေကျပ်သိန်း ၂၀၀၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ နှစ်ယူနစ်အတွက် ငွေကျပ်သိန်း ၆၀၀ စုစုပေါင်းငွေကျပ်သိန်း ၈၀၀ ကို ဒီဇင်ဘာ ၁၁ ရက်က ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာကျေးရွာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျွန်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိဏ်းမောင်က တက်ရောက်လာသော မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင်များနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များကို စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရခြင်းအကြောင်း၊ ကျေးရွာအတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မင်းမြင့်မိုရ်(ကျေးလက်)


