မိုင်းယောင်း ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပဲပုပ်ရောင်းအားကောင်းပြီး စျေးကောင်းလည်း ရနေသောကြောင့် ယခုအခါ ပဲပုပ်စိုက်တောင်သူနှင့် ပဲပုပ်ပြုလုပ်ရောင်းချသူများ မိသားစုဝင်ငွေ အဆင်ပြေနေကြကြောင်း ပဲပုပ်ပြုလုပ်ရောင်းချသူတစ်ဦးထံမှ သိရသည်။

“ပဲပုပ်ကို မနှစ်က အနည်းငယ်သာစိုက်ပျိုးပြီး အခုစျေးကောင်းလည်းရနေတာကြောင့် ဒီနှစ်များများ တိုးချဲ့စိုက်ပျိုးနေပါတယ်”ဟု ပဲပုပ်စိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ ပွင့်လင်းရာသီဖြစ်သည်နှင့်နှင့်အညီ အနယ်နယ်အရပ်ရပ်က ဘုရားဖူးဧည့်သည်များ ထပ်လုံ၊ ရွှေညောင်ပင်၊ ဈာန်ရကိုရင်ကြီးတောရကျောင်း စသည့် တန်ခိုးကြီးဘုရား လာရောက်ဖူးမြော်သူများ ရှိနေပြီး အိမ်အပြန်လက်ဆောင်အဖြစ် မိုင်းယောင်းပဲပုပ်ကို ဝယ်ယူကြကြောင်း သိရသည်။

ပဲပုပ်အစို၊ ပဲပုပ်အခြောက်၊ ပဲပုပ်အစေ့များအား မိမိကြိုက်နှစ်သက်သလို အလွယ်တကူ အမျိုးမျိုးပြုလုပ်စားသုံးနိုင်သည့် မိုင်းယောင်းဒေသထွက် ပဲပုပ်ကို လူအများက ခံတွင်းတွေ့နေကြပြီး အဝေးရောက် ရွှေမိုင်းယောင်းသားများကလည်း အထူးမှာယူနေမှုများရှိနေကာ တစ်နေ့ထက်တစ်နေ့ ပဲပုပ်ရောင်းအားကောင်းနေကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း