ပွင့်ဖြူ ဒီဇင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အညာကျေးလက်ဒေသများ၌ ဒေသခံတောင်သူများ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားရှိသော ပဲထောပတ်သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းသည့်အတွက် ပေါ်ဦးပေါ်ဖျား သီးနှံရောင်းချရချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်များထံမှ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ နှစ်စဉ် ဆောင်းရာသီကာလများတွင် ဆောင်းသီးနှံအဖြစ် ပဲထောပတ်၊ ကုလားပဲသီးနှံနှင့် စားတော်ပဲသီးနှံတို့ကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။ သီးနှံစိုက်ပျိုးရာတွင်လည်း အချို့တောင်သူများက သီးနှံဝင်ငွေ ပိုမိုရရှိစေရန် သီးထပ်သီးညှပ်အဖြစ် နှစ်သီးစား ရောနှောစိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် တောင်သူများ စိုက်ပျိုးထားသည့် ဆောင်းသီးနှံ စိုက်ခင်းများတွင် ပဲထောပတ်သီးနှံစိုက်ခင်းများမှာ စိုက်ပျိုးရေ အဆင်ပြေမှုနှင့် ရာသီဥတု မျှတကောင်းမွန်မှုကြောင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောသည်။

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က ဒေသခံတောင်သူတွေဟာ မဲဇလီရေလွှဲဆည်ရေနဲ့ မြေအောက်ရေကို အမှီပြုပြီးတော့ စိုက်ပျိုးရေးလုပ်ငန်းကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြပါတယ်။ အဓိက စိုက်ပျိုးတဲ့သီးနှံတွေကတော့ စပါး၊ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စားတော်ပဲ၊ နေကြာ၊ ဖူးစားပြောင်းသီးနှံတို့ကို အများဆုံး စိုက်ပျိုးပါတယ်။ ယခုနှစ် ဆောင်းရာသီမှာဆိုရင် ဆောင်းသီးနှံအဖြစ်  ပဲထောပတ်၊ ကုလားပဲသီးနှံနဲ့ စားတော်ပဲသီးနှံတို့ကို တောင်သူတွေ အများစုစိုက်ပျိုးကြပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရာတွင် အချို့တောင်သူများက ပဲထောပတ်သီးနှံကို အရပ်ခေါ် သက်ကြီးပြောင်းသီးနှံနဲ့ ရောနှောစိုက်ပျိုးကြပါတယ်။ သက်ကြီးပြောင်းသီးနှံကတော့ နွားစာအဖြစ် ရောနှောစိုက်ပျိုးခြင်း ဖြစ်ပါတယ်။ ယခုဆိုရင် ပဲထောပတ်သီးနှံစိုက်ခင်းများဟာ အောင်ဖြစ်ဖြစ်ထွန်းလျက်ရှိပြီး ပေါ်ဦးပေါ်ဖျား သီးနှံရောင်းချရချိန်တွင် ဈေးကောင်းရရှိဖို့အတွက် ဒေသခံတောင်သူများက မျှော်လင့်လျက်ရှိနေကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

ရဲဝင်းနိုင် (ညောင်ဦး)