မြန်အောင် ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းတို့သည် တိုင်း/ ခရိုင် /မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယနေ့နံနက်က မြန်အောင်မြို့ နယ် ဘန့်ဘွေးကုန်ကျေးရွာအုပ်စု ဘန့်ဘွေးကုန်း၊ ရေတာ နေရောင်ခြည်သုံး အသေးစားလျှပ်စစ်ဓာတ်အားစက်ရုံ ဓာတ်အားစနစ်စီမံကိန်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Mega Global Green Company မှတာဝန်ယူ ဆောင်ရွက်သည့် ဘန့်ဘွေးကုန်း၊ ရေတာ နေရောင်ခြည်သုံး အသေးစားလျှပ်စစ်ဓာတ်အားစက်ရုံ အသေးစား Solar လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေထက်ရှိန်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲနေမှုကို လှည်လည်ကြည့်ရှု၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော အသေးစား Solar လျှပ်စစ်စီမံကိန်းကြောင့် မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု ဘန့်ဘွေးကုန်းကျေးရွာနှင့် ရေတာကျေးရွာတို့ရှိ အိမ်ခြေ (၂၉၄)အိမ်၊ ဘုန်းကြီးကျောင်း (၂)ကျောင်း၊ စာသင်ကျောင်း (၂)ကျောင်း၊ ဆေးခန်း(၁)ခန်း မီးသွယ်တန်းပြီး ဩဂုတ် ၁၂ ရက်မှစ၍ လျှပ်စစ်မီး စတင်ပေးဝေ အသုံးပြုလျက်ရှိကြောင်းနှင့် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု တပ်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဂျိတ်တောကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Smart Measurement & Control Co.,Ltd. မှ တာဝန်ယူဆောင်ရွက်သည့် Solar Mini-Grid မီးလင်းရေးဆောင်ရွက်မှုကြောင့် တပ်ကုန်း၊ ရွာသစ်၊ ဂျိတ်တောရွာတို့ရှိ အိမ်ခြေ (၁၃၄)အိမ်၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်း လျှပ်စစ်မီးသွယ်တန်းပြီး မတ် ၇ ရက်မှစ၍ မီးစတင်ပေးဝေအသုံးပြုလျက်ရှိကြောင်း မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)


