နေပြည်တော် ဒီဇင်ဘာ ၁၂

           

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က လိန်းလီကျေးရွာအနီး အထက်ပေါင်းလောင်းဆည်၌ ရေပေါ်လှောင်အိမ်ဖြင့် တီလားပီးယားငါး မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေး တောင်သူများနှင့်တွေ့ဆုံ၍ ရေပေါ်လှောင်အိမ်စနစ်ဖြင့် ရေချိုငါး၊ ပုဇွန် စီးပွားဖြစ် မွေးမြူနိုင်ရေးအတွက် တောင်သူနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ငါးသယံဇာတ ဖွံ့ဖြိုးလာပြီး ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး နှင့် မိသားစုဝင်ငွေ တိုးတက်ရေးအတွက်  ဆည်၊ ကန်များနှင့် သဘာဝရေ အရင်းအမြစ် အမျိုးမျိုးတွင် ငါးမျိုးများ နှစ်စဉ်စိုက်ထည့်ပေးလျက် ရှိသကဲ့သို့ အခြေအနေပေးသည့် ဒေသများတွင် ရေပေါ်လှောင်အိမ်စနစ် ငါးမွေးမြူရေး၊ အခြားတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး၊ လွှတ်ကျောင်းစနစ်မှ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် စနစ် ထွန်းကားလာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နည်းပညာပေး လုပ်ငန်းများအပါအဝင် လိုအပ်ချက်များ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန  ယာသီးနှံသုတေသနဌာနခွဲသို့ ရောက်ရှိကြပြီး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသနှင့် ကိုက်ညီသော အထွက်နှုန်းကောင်း အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ တောင်သူ့လက်ဝယ်အရောက် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ အဆင့်မြင့် လယ်ယာဖော်ထုတ်ရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ရေပေးဝေရေး လုပ်ငန်းများကို  ဆွေးနွေးပြီး၊ မြေပြန့်ဒေသနှင့် ကိုက်ညီသော အထွက်ကောင်း ပြောင်းဖူးမျိုး သုတေသန စိုက်ခင်းများနှင့် နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရွှေမြို့မွေးမြူရေးဇုန် (၂) သို့ ရောက်ရှိပြီး မွေးမြူရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ နို့စားနွား၊ ဆိတ်၊ ဒေသနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာများ၊ ဒေသ၏ သားငါးရိက္ခာ ဖူလုံစေရေးအတွက် တိုးချဲ့ဆောင်ရွက်ရန်  လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

           

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာရှိ ပေါင်းလောင်း ရေလှောင်တမံ၏  တမံကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက နှစ်အလိုက် နွေစပါး၊ မိုးစပါး စိုက်ပျိုးရေပေးဝေနိုင်မှု၊ တမံအား ပုံမှန်ထိန်းသိမ်း စစ်ဆေးနေမှုကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သဘာဝအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းပြီး ရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်