ရန်ကုန်   ဒီဇင်ဘာ   ၁၃

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်မတိုင်မီ ဇန်နဝါရီလ၌ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပဏာမကစားသမားများ ထပ်တိုးရွေးချယ်ထားသဖြင့် ကစားသမား စုစုပေါင်း ၃၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ဒီဇင်ဘာလဆန်းပိုင်းမှ လလယ်ပိုင်းအထိ မန္တလေးမြို့၌ သွားရောက်လေ့ကျင့်ခဲ့ပြီး လာမည့်ရက်ပိုင်း အတွင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား ပြိုင်ပွဲမတိုင်မီ ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်ပခရီးစဉ် သွားရောက်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက် အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ဂ)တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်ပြီး တစ်ကျော့ပြန် ခြေစစ်ပွဲအောင်မြင်ထားခြင်းဖြစ်သည်။

ကိုညီလေး