ကျွန်းလှ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် GAP စနစ်ဖြင့် စိုက်ပျိုးသော ဆောင်းမြေပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ဆောင်းမြေပဲကို GAP စနစ်ဖြင့် ၄ ဧက စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ အလုပ်သမားခ အပါဝင် တစ်ဧက ငွေကျပ် ၄၀၀၀၀၀ ကျော် ကုန်ကျပါတယ်။ ယခုအခါ စိုက်ပျိုးရေးပညာရှင်များ၏ နည်းပညာကူညီပံ့ပိုးမှုဖြင့် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းနိုင်တယ်” ဟု ရှမ်းစုကျေးရွာ ဆောင်းမြေပဲစိုက်တောင်သူ ဦးနိုင်ကြီးက ပြောပြသည်။
အဆိုပါ ဆောင်းမြေပဲစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးပြေးဆေးများ ပြုလုပ်သုံးစွဲရေး၊ ဘက်စုံပိုးမွှား ကာကွယ်ရေးနည်းစနစ် အသုံးပြုရေး၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိကြောင်း၊ ပုလဲဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ဆီထွက်သီးနှံအဖြစ် ဆောင်းမြပဲ ၁၄၈၆၅ ဧက၊ နှမ်း ၁၃၂၀၆ ဧက၊ နေကြာ ၁၅၇၉ ဧက၊ ပန်းနှမ်း ၆၃၀၁ ဧက၊ မုံ့ညှင်းစေ့ ၇၉၃ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


