ပြုံယမ်း ဒီဇင်ဘာ ၁၃

 

စက်မှုထိပ်သီးခုနစ်နိုင်ငံ(ဂျီ-၇)မှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက်က ဗြိတိန်နိုင်ငံ လီဗာပူးမြို့၌ စတင်ကျင်းပခဲ့ရာ မြောက်ကိုရီးယား အရေးကိစ္စသည် အဆိုပါအစည်းအဝေး၏ အဓိက ဆွေးနွေးသည့် ခေါင်းစဉ်ဖြစ်ခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

 

ဝန်ကြီးများအစည်းအဝေးတွင် မြောက်ကိုရီးယားအရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် စက်မှုထိပ်သီးခုနစ်နိုင်ငံ အနေဖြင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ ယိုရှီမာဆာက တောင်းဆိုခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံက ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည့် ဂျပန်နိုင်ငံသားများ၏ ပြဿနာကို ဖြေရှင်းပေးရန် ဂျီ-၇ နိုင်ငံများအနေဖြင့် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝပေးရန်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိယိုရှီမာဆာကတောင်းဆိုခဲ့သည်။ ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများကလည်း ဂျပန်နိုင်ငံ၏ အဆိုပါတောင်းဆိုမှု အပေါ် ထောက်ခံခဲ့ကြောင်း သိရသည်။

 

သဘောတူညီခဲ့

ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အီရန်နျူကလီးယားစာချုပ် ကိစ္စသည်လည်း ဦးစားပေး ခေါင်းစဉ်တစ်ရပ်ဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်ကို ပြန်လည် အသက်သွင်းရန် အီရန်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် တိုက်ရိုက်ဆွေးနွေးမှုများ အရှိန်မြှင့် လုပ်ဆောင်သင့်ကြောင်းလည်း ဂျီ-၇ နိုင်ငံခြားရေး ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်