ကမမောင်း    ဒီဇင်ဘာ   ၁၃

 

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက ကျောင်းသား လူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းပြီး ကျန်းမာစေရန်နှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ရာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများက ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)