ဝန်းသို   ဒီဇင်ဘာ   ၁၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရငွေဖြင့် ၄၀၀ ဗို့အားလိုင်း ပေ ၄၂၅၀ အတွင်းရှိ သစ်သားတိုင်များအစား ကွန်ကရစ်တိုင်နှင့် သံလက်တန်းများ လဲလှယ်ခြင်းလုပ်ငန်းကို ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာအုပ်စု ခပ်ချိုကျေးရွာ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ရာ ၄၀၀ ဗို့အားလိုင်း ၄၂၅၀ ပေအတွင်းရှိ သစ်သားတိုင်များအစား ကွန်ကရစ်တိုင် ၄၅ တိုင်နှင့် သံလက်တန်းများ ၅၅ ခု လဲလှယ်ခြင်း၊ တိုင်ခြေ Footing နှစ်ပေပတ်လည် ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ခပ်ချိုကျေးရွာ၌ ရွာတွင်း ၄၀၀ ဗို့အားလိုင်း ၄၂၅၀ ပေအတွင်းရှိ သစ်သားတိုင်များအစား ကွန်ကရစ်တိုင် နှင့် သံလက်တန်းများ လဲလှယ်ခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေကျပ် ၈ ဒသမ ကိုးသန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါကျေးရွာပေါင်း ၃၅ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး သုံးနှစ်ပြည့်(သို့မဟုတ်)အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်သည့်လုပ်ငန်းပေါင်း ၁၇ ခုထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)