ရသေ့တောင်   ဒီဇင်ဘာ   ၁၃

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ စေတီတောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ဒီဇင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စေတီတောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ယခင်နှစ်များက ကမ္ဘာကပ်ရောဂါ   ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုကြောင့် ပွဲတော်ကျင်းပနိုင်ခြင်းမရှိဘဲ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်း လာခြင်း ကြောင့် စေတီတောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား   ဓမ္မသဘင်တရားပွဲတော်အပြင် ပျော်ပွဲရွှင်ပွဲများအဖြစ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ အမျိုးသားဘောလုံး ဂိုးကျဉ်းပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသမီးလွန်ဆွဲပွဲများအား ထည့်သွင်းကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း စေတီတောင်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 

အဆိုပါ စေတီတောင်ဘုရားအား ရသေ့တောင်မြို့ အနောက်ဘက် မေယုမြစ်အနီးတွင် တည်ထားကိုးကွယ် လျက်ရှိပြီး သာသနာသက္ကရာဇ် ၂၂ ခုတွင် ရခိုင်ဘုရင်သူရိယစက္ကမင်းမှ ဗုဒ္ဓ၏ ဉီးထိပ်တော်ဓာတ်ကို ဌာပနာထည့်ပြီး ကျွဲတမောခန့်စေတီတစ်ဆူ တည်ထားခဲ့သည်။

 

ယင်းစေတီကို ရခိုင်ဘုရင် မင်းဘာ မင်းမြတ်သည် ခရစ်သက္ကရာဇ် ၁၅၃၂ ခု၊ ကောဇာသက္ကရာဇ် ၈၉၃ ခုတွင် ဗုဒ္ဓ၏လက်ရိုးတော်ဓာတ်ကို ဌာပနာပြီး ယခုလက်ရှိ ပုံစံ အတိုင်း ဉာဏ်တော် ၂၇ တောင်၊ လုံးပတ် ၅၄ တောင်စေတီတော်အား တည်ထား လျက်ရှိပြီး နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော် ၂ ရက်နေ့ထိ စေတီတောင် ဘုရားဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပပြုလုပ်လျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

အောင်စံထွန်း(ပြန်/ဆက်)