နေပြည်တော် ဒီဇင်ဘာ ၁၃

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ အမှတ်(၄) အထည်စက်ရုံသို့ ရောက်ရှိရာ စက်ရုံမှူးက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်လင်း တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာအရည်အချင်းအပြင် လုပ်ငန်းဆိုင်ရာနှင့် ပတ်သက်သည့် အတတ်ပညာ ကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ တစ်ဦးချင်းကျွမ်းကျင်မှု အရည်အချင်းများကို အကျိုးရှိရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ထုတ်ကုန်အရည်အသွေး ပြည့်ဝပြီး အရည်အသွေးအာမခံချက်ရှိသော စက်ရုံ ဖြစ်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးအတွက် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ မြေ၊ အဆောက်အဦ၊ စက်နှင့်စက်ပစ္စည်း စသည့် Asset Management များကို အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်များ အရည်အသွေးကောင်းမွန်၍ ဈေးနှုန်းချိုသာစွာ ရောင်းချနိုင်ရေးအတွက် အလေအလွင့် မရှိအောင်နှင့် အသုံးစရိတ်များကို ခြိုးခြံချွေတာရမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် ကြုံတွေ့လာမည့် အခက်ခဲများကို ညီညွတ်စွာ ဆောင်ရွက်၍ ဝန်ထမ်းများ၏ ပေါင်းစည်းအားဖြင့် ကျော်လွှားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Root Cause Analysis နှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျပြီး ထိရောက်အောင်မြင်မှုရှိသော ကူညီပံ့ပိုးမှုများကို ဖြည့်ဆည်းပေးရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို သိရှိနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် အကြီးစားစက်မှုလုပ်ငန်းများကို ထောက်ပံ့နိုင်သည့် စက်မှုလုပ်ငန်းများဖြစ်ရန် ဆောင်ရွက်ပေးရန်နှင့် ထုတ်ကုန်ပစ္စည်းများကိုလည်း ပြည်ပသို့ တင်ပို့နိုင်သည်အထိ နည်းပညာ အကူအညီများ ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးကူညီဆောင်ရွက်ပေးရန် မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များနှင့် ပြုစုထားရှိသည့် စာတမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်