နေပြည်တော် ဒီဇင်ဘာ ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပသည့် မြန်မာ့သိုင်းဒိုင်လူကြီးနှင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ကိုးနာရီခွဲတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့သိုင်းအားကစားနည်းသည် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဇာတိမာန်၊ စိတ်ဓာတ်တို့ကို အဓိကဖော်ကျူးပြသသည့် အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာ့သိုင်း အားကစားနည်းသည် ရှေးဘုရင်လက်ထက် ယခင်နှစ်ပေါင်းများစွာက ရှိခဲ့ကြပြီး၊ အစဉ်အဆက် မိဘမျိုးရိုး စောင့်ထိန်းလာခဲ့ပြီး မိမိတို့လူမျိုး၏ ကိုယ်ခံအတတ်ပညာ တစ်ခုအနေဖြင့် အမြတ်တနိုး တလေးတစား သင်ယူခဲ့ကြပြီး မိမိနိုင်ငံ မိမိလူမျိုးတို့ ကိုတိုင်းတပါးသားတို့က မကျူးကျော် မစော်ကားရအောင် သင်ကြားခဲ့ရသော ပညာရပ်တစ်ခုဖြစ်ပြီး အစဉ်အလာကောင်းရှိခဲ့သော အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သိုင်းအားကစားအဖွဲ့ချုပ် အနေဖြင့်လည်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုခံယူပြီး မြန်မာလူမျိုးတို့၏ ရိုးရာအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းပညာကို ဖော်ထုတ်ပြီး တိုးတက်ပြန့်ပွားအောင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိုင်းအဖွဲ့အစည်းများ၊ သိုင်းပညာရှင်များကိုခေါ်ယူကာ မျိုးဆက်သစ်အားကစားသမားများ ပေါ်လာစေရန်ရည်ရွယ်၍ မြန်မာ့သိုင်းပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ ပြိုင်ပွဲကို စနစ်တကျ နည်းစနစ်မှန်ကန်စွာကျင်ပပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် တာဝန်ယူကြရမည့် ဒိုင်လူကြီးနည်းပြများအနေဖြင့် နည်းစနစ်နှင့် နည်းဥပဒေတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာသိရှိစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ အစည်းအားလုံးသည် ဝန်ကြီးဌာနနှင့် မိသားစုသဖွယ်ခံယူ၍ အရာရာတိုင်း လိုအပ်သမျှ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် စုစည်းမှုသည်အင်အား၊ ညီညွှတ်မှုသည် အင်အားဖြစ်ပါကြောင်း။
သို့ဖြစ်၍ မြန်မာနိုင်ငံသိုင်းအားကစားအဖွဲ့ချုပ်အနေနှင့် ဝန်ကြီးဌာနနှင့် အစဉ်အမြဲ ပူပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲမှလည်း မြန်မာ့သိုင်းပညာများကို ရှင်သန်တိုးတက်စေလိုပါကြောင်း၊ မြန်မာ့သိုင်း အဖွဲ့ချုပ်အားလုံးပေါင်းစည်းရန်၊ အားပေးရန်၊ တိုးတတ်အောင် နိုင်ငံဂုဏ်ဆောင်နိုင်ရန် လမ်းညွှန်မှာကြားထားပါကြောင်း။
သို့ဖြစ်ပါ၍ သင်တန်းသို့တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားမှုအားလုံးကို လေးစားစွာဖြင့် သင်ကြားခံယူပြီး နောက်မျိုးဆက်သစ် အားကစားသမားကို ပြုစုပျိုးထောင်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာ့သိုင်းပညာကို နောက်မျိုးဆက်များသို့ ပြန်လည်သင်ကြား ပြသနိုင်သည်အထိ နည်းပြကောင်းများ၊ ဒိုင်လူကြီးကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သိုင်းပညာရှင် ကျား ၁၉ ဦး၊ မ ခုနစ်ဦး နှင့် စုစုပေါင်း ၂၆ ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်းအား ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


