နှင်းမိုးအိမ်

 

ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုများကြောင့် တစ်ကမ္ဘာလုံးအနှံ့ စိုးရိမ်မှုများ များပြားလာစဉ် အမေရိကန်၌လည်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုမှာ ယခင်ကထက် ၄၀ ရာခိုင်နှုန်းနီးပါး တိုးလာသည်ဟု သိရသည်။

 

အပိုဆောင်းကာကွယ်ဆေးထိုးရန် တိုက်တွန်း

 

ကျန်းမာရေးကျွမ်းကျင်သူများနှင့် ကျန်းမာရေးအေဂျင်စီများကလည်း ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးပေးကြရန် တိုက်တွန်းမှုများ ပြုလုပ်လျက်ရှိသည်။ ကူးစက်မှုများမှ ပိုမိုအကာအကွယ်ပေးရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးရန် တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စု၌ ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုမှာ ပျမ်းမျှအားဖြင့် ၁၂၀၀၀၀ ရှိသည်။ ယခင် သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းနီးပါး မြင့်မားလာခြင်း ဖြစ်သည်ဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (စီဒီစီ)၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

ဒယ်လ်တာကူးစက်မှုလွှမ်းမိုးနေဆဲဖြစ်

 

လတ်တလောတွင် အိုမီခရွန်နှင့် ဒယ်လ်တာမျိုးကွဲတို့မှာ စိုးရိမ်စရာကောင်းသည့် မျိုးကွဲများအဖြစ် သတ်မှတ်ထားသည်။ အမေရိကန် ပြည်ထောင်စု၌ ဒယ်လ်တာကူးစက်မှုများမှာ လွှမ်းမိုးနေဆဲဖြစ်သည်။ အမေရိကန်၌ ကိုဗစ်-၁၉ ကူးစက်မှု၏ ၉၉ ရာခိုင်နှုန်းမှာ ဒယ်လ်တာကူးစက်မှုများကြောင့်ဖြစ်သည်။ လတ်တလော နိုင်ငံအများအပြားကို ခြိမ်းခြောက်မှုပြုနေသည့် အိုမီခရွန်ကူးစက်မှုမှာ အမေရိကန်၌ ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ကူးစက်မှုရှိသေးသည်ဟု စီဒီစီ၏ပြောကြားချက်အရ သိရသည်။

 

ဆေးရုံတက်ရသည့်ဦးရေတိုးလာ

 

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသည့်ဦးရေမှာလည်း ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်း တိုးလာသည်။

 

အမေရိကန်၌ နေ့စဉ်ဆေးရုံတက်ကာ ကုသမှုခံယူရသူ အရေအတွက်မှာ ပျမ်းမျှအားဖြင့် ၇၅၀၀ ခန့်ရှိသည်။ စီဒီစီ၏ ထုတ်ပြန်ကြေညာချက်အရ ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်လျှင် ၁၅ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်သည်။

 

ယခုသီတင်းပတ်တွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် နေ့စဉ်သေဆုံးမှုနှုန်းမှာ ၁၀၀၀ ခန့်ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၂၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။ အမေရိကန်၌ အသက် ၁၈ နှစ်နှင့်အထက်များကို ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးကြရန် တိုက်တွန်းမှုများ ပြုလုပ်ထားသည်။

 

အက်ဖ်ဒီအေမှ ခွင့်ပြုချက်ပေး ဒီဇင်ဘာ ၉ ရက်က အမေရိကန် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး (အက်ဖ်ဒီအေ) က အသက် ၁၆ နှစ်နှင့် ၁၇ နှစ်တို့အတွက် ဖိုက်ဇာ ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ထောက်ခံချက်ပေးခဲ့သည်။ နိုဝင်ဘာ ၁၉ ရက်မှစတင်ကာ အသက် ၁၈ နှစ်နှင့်အထက်များကိုဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးခွင့်ပေးရန် အက်ဖ်ဒီအေက ခွင့်ပြုချက်ပေးခဲ့သည်။

 

ကာကွယ်ဆေးထိုးခြင်းကသာလျှင် အကောင်းဆုံး

 

ဒီဇင်ဘာ ၉ ရက်တွင် တတိယအကြိမ် ကာကွယ်ဆေးထိုးပေးမည့် အသက်အုပ်စုကို တိုးချဲ့ပေးခဲ့သည်။ အားလပ်ရက် ကာလများအတွင်း မိသားစုများနှင့် သူငယ်ချင်းများ တွေ့ဆုံပွဲများ ပြုလုပ်ကြမည်ဖြစ်ရာ ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ပြည်သူ့ကျန်းမာရေးအတွက် အကာအကွယ်များကို သတိလက်လွတ်နေရန် မဖြစ်နိုင်ဟု အက်ဖ်ဒီအေမှ ကော်မရှင်နာဖြစ်သူ ဂျနက်ဝုဒ်ကော့ဒ်က ဒီဇင်ဘာ ၈ ရက်တွင် ပြောသည်။

 

ကိုဗစ်- ၁၉ မျိုးကွဲများဖြစ်သည့် ဒယ်လ်တာနှင့် အိုမီခရွန်တို့မှာ နိုင်ငံအများအပြားတွင် ဆက်လက်ကူးစက် ပျံ့နှံ့နေသည့်အတွက် ကာကွယ်ဆေးထိုးခြင်းကသာလျှင် ကိုဗစ် -၁၉ကူးစက်မှုမှာ ကာကွယ်ပေးမည့် အကောင်းဆုံးသောအရာဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

စောင့်ကြည့်လေ့လာနေဆဲ

 

ဒီဇင်ဘာ ၁၀ ရက်အထိ အမေရိကန်၌ လူဦးရေ ၂၀၁ ဒသမ ၂ သန်း (သို့မဟုတ်) လူဦးရေ၏ ၆၀ ဒသမ ၆ ရာခိုင်နှုန်းကို ကိုဗစ်၁၉ ကာကွယ်ဆေးအပြည့် ထိုးပေးပြီးဖြစ်သည်။

 

ကာကွယ်ဆေးအလုံးရေ ၅ ဒသမ ၇သန်းကိုလည်း အပိုဆောင်းအဖြစ် ထိုးနှံပေးပြီးဖြစ်သည်ဟု စီဒီစီ၏ အချက်အလက်များအရ သိရသည်။ လတ်တလောတွင် အမေရိကန်ပြည်ထောင်စုသည် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ အချက်အလက်များကို စောင့်ကြည့်လေ့လာဆဲဖြစ်သည်။ ။

 

စိုးရိမ်တကြီးဖြစ်လာ

 

သိပ္ပံပညာရှင်များသည် စွန့်ပစ်ရေများကို စမ်းသပ်မှုများပြုလုပ်ကာ ဗိုင်းရပ်စ်ကို ထောက်လှမ်းနိုင်ရေး ကြိုးပမ်းနေကြသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကယ်လီဖိုးနီးယားမှ သိပ္ပံပညာရှင်အဖွဲ့သည် မိလ္လာအညစ်အကြေးတွင် ကိုဗစ်-၁၉ မျိုးကွဲကို တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် မြို့အများအပြား၌ အိုမီခရွန် ကူးစက်ပျံ့နှံ့မှုများရှိနေပြီဟု အကြံပြုခဲ့ကြသည်။ ။

 

ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကယ်လီဖိုးနီးယား၌ အိုမီခရွန်ကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။ ထို့ကြောင့် တိုင်းပြည်နေရာအနှံ့ အိုမီခရွန်ကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်တကြီးဖြစ်လာကြသည်။ တောင်အာဖရိကနှင့် ဗြိတိန်ကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

 

စွန့်ပစ်ရေထဲတွင်တွေ့ရှိ

 

ကိုလိုရာဒို ကျန်းမာရေးအာဏာပိုင်များကလည်း ဒီဇင်ဘာ ၇ ရက်တွင် မိလ္လာအညစ်အကြေး၌ အိုမီခရွန်ကို ထောက်လှမ်းတွေ့ရှိခဲ့သည်။ ကိုလိုရာဒို၌ အိုမီခရွန်ကူးစက်မှု တစ်ဦးထက်မနည်း ရှိနေသည်ဟုလည်း ယူဆထားကြသည်။ ဟူစတန်နှင့် တက္ကဆက် ကျန်းမာရေးဌာနများကလည်း စွန့်ပစ်ရေနမူနာ ရှစ်ခုတွင် အိုမီခရွန်ကူးစက်မှုကို တွေ့ရှိလာရသည်ဟုပြောသည်။ နိုဝင်ဘာ ၂၅ ရက် အစောပိုင်းကတည်းက စွန့်ပစ်ရေထဲတွင် အိုမီခရွန်မျိုးကွဲ ပါဝင်နေသည်ကို ခြေရာခံလိုက်မိကြောင်း ကယ်လီဖိုးနီးယား အာဏာပိုင်များက ပြောသည်။

 

နောက်ကျကျန်ရစ်ဆဲဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အိုမီခရွန်ကို စိုးရိမ်ဖွယ်ရာကောင်းသည့်မျိုးကွဲဟု မကြေညာမီ တစ်ရက်အလိုကတည်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အိုမီခရွန်ကူးစက်မှုမှာ အမေရိကန်၌ စတင်ပျံ့နှံ့နေပြီ ဖြစ်သည့်အတွက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ပြည်သူများ ကာကွယ်ဆေးထိုးကြရန် တွန်းအားပေးမှုများပြုလုပ်လာကြသည်။ အမေရိကန်၌ ကိုဗစ် -၁၉ ကာကွယ်ဆေးများကို လွယ်လင့်တကူ ရရှိနိုင်သည်မှာ မှန်သော်လည်း အခြားသော တိုင်းပြည်များနှင့် ယှဉ်လျှင် ကာကွယ်ဆေးထိုးပေးနိုင်မှုနှုန်းမှာ နောက်ကျ ကျန်ရစ်နေဆဲ ဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ