တနင်္သာရီ ဒီဇင်ဘာ ၁၄

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၄၁)ကျောင်းရှိသည့်အနက် ဒီဇင်ဘာ ၁၃ ရက်တွင် မူလွန်-သာရဘွင်အရှေ့ ကျောင်းအား ထပ်မံဖွင့်လှစ်နိုင်သဖြင့် ယနေ့အထိ ကျောင်းပေါင်း (၁၀၁)ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ကျန်(၄၀)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

တနင်္သာရီမြို့နယ်အတွင်း ယနေ့အထိ ဖွင့်လှစ်နိုင်သည့် အခြေခံပညာကျောင်းများ အခြေအနေမှာ အထက်တန်း (၁၄)ကျောင်း ရှိသည့်အနက် (၁၃)ကျောင်း၊ အလယ်တန်း (၂၂)ကျောင်း ရှိသည့်အနက် (၁၇)ကျောင်း၊ မူလတန်း(လွန်) (၁၆)ကျောင်း ရှိသည့်အနက် (၁၃)ကျောင်း၊ မူလတန်း (၈၈)ကျောင်း ရှိသည့်အနက် (၅၇)ကျောင်း၊ ဘ/ကကျောင်း (၁)ကျောင်း စသည်ဖြင့် စုစုပေါင်း (၁၄၁)ကျောင်းရှိသည့်အနက် (၁၀၁)ကျောင်းအား ဖွင့်လှစ်သင်ကြားနေပြီဖြစ်သည်။

 

အဆိုပါမြို့နယ်အတွင်း မဖွင့်လှစ်နိုင်သော ကျောင်း(၄၀)မှာ နယ်မြေလုံခြုံရေး အခြေအနေအရ အထက်တန်း (၁)ကျောင်း၊ အလယ်တန်း (၄)ကျောင်း၊ မူလတန်း (၁၈)ကျောင်း ပေါင်း (၂၃)ကျောင်း၊ ဆရာ/ဆရာမများ မရှိသဖြင့် အလယ်တန်း (၁)ကျောင်းနှင့် မူလတန်း (၁၄)ကျောင်း ပေါင်း (၁၅)ကျောင်းနှင့် ကျောင်းသား/ ကျောင်းသူမရှိသဖြင့် ကျောင်းရုပ်သိမ်းခွင့်တင်ထားသည့် မူလတန်း (၁)ကျောင်း၊ သင်ကြားရေးဆရာ မရှိသဖြင့် ပိတ်ထားရသည့် မူလတန်း (၁)ကျောင်း စုစုပေါင်း ကျောင်း (၄၀)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

 

သတင်း- နန်းသာရီ-ထိန်ဝင်း (ပြန်/ဆက်)