လင်းခေး ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအတွက် အဆိုပါစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပန်းဖူးခိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေက တိလုံ၊ ဟတ်ဆိုင်းလုံ ကျေးရွာနှစ်ရွာ တစ်ယူနစ်အတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ ကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပန်းဖူးခိုင်က နောင်လုံကျေးရွာတစ်ရွာ တစ်ယူနစ်နှင့် ဟိုဟ၊ နားမိုင်၊ ဝမ်ကျောင်း ကျေးရွာသုံးရွာ တစ်ယူနစ်တို့အတွက် တစ်ယူနစ်လျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၀၀ စုစုပေါင်းငွေကျပ်သိန်း ၆၀၀ ကိုလည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာအဆင့် မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက လက်ခံရယူကြကြောင်း သိရသည်။

 

လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအထိ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၄၁ ရွာ၊ ၂၉ ယူနစ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)