တောင်ငူ ဒီဇင်ဘာ ၁၄

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်နှင့် နွားမွေးမြူရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားသို့ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမိုးထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်ငူမြို့နယ်အတွင်းရှိ မြစိမ်းရောင်(အသားကဏ္ဍ)ကျေးရွာများမှ သင်တန်းသား သင်တန်းသူ (၁၀)ဦး တက်ရောက်ကြသည်။ 

 

ဆက်လက်၍ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေစိုးက သင်တန်းဖွင့်လှစ်ရခြင်း​၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို ဒီဇင်ဘ ၁၄ ရက်မှ ၁၈ ရက်အထိ သင်တန်းကာလ ငါးရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး တောင်ငူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကျွမ်းကျင်ပညာရှင် ဆရာဝန်၊  နည်းပြ ၆ ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်သည်။ ယင်းသင်တန်းတွင် သင်တန်းသား သင်တန်းသူများအား စာတွေ့လက်တွေ့ တတ်မြောက်အောင်သင်ကြားပေးမည်ဖြစ်ပြီး အရည်အချင်းစစ်ဆေးကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။ 

 

တောင်ငူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အစားအစာလုံလောက်မှုရရှိစေရေး၊ အစားအစာ ဘေးကင်းလုံခြုံစေရေးနှင့် ရေရှည်တည်တံ့သော ကျေးလက်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလပိုင်းတွင် သင်တန်းသား ၁၀ ဦးဖြင့် တိရစ္ဆာန် အာဟာရဗေဒသင်တန်းအား စာတွေ့လက်တွေ့ သင်တန်းဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)