နေပြည်တော် ဒီဇင်ဘာ ၁၄

 

(၅၅)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

 

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံခရီးသွား လုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ- တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ- ကိုရီးယားဗဟိုဌာန၊ အာဆီယံခရီးသွားလုပ်ငန်းအသင်း (ASEANTA)၊ အာဆီယံခရီးသွား လုပ်ငန်းသုတေသနအဖွဲ့ (ATRA)၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ABC)၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (UNWTO)၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီ (WTTC)၊ ပစိဖိတ်-အာရှခရီး သွားလုပ်ငန်းအဖွဲ့(PATA)တို့မှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမောင်မောင်ကျော် ဦးဆောင်ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေး၌ အာဆီယံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ အာဆီယံခရီး သွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မှု၊ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး မဟာဗျူဟာ (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ဆောင်မှု၊ ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရေး လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အာဆီယံဗဟိုဌာနများဖြစ်သည့် အာဆီယံ-တရုတ်ဗဟိုဌာန၊ အာဆီယံ-ဂျပန် ဗဟိုဌာန၊ အာဆီယံ-ကိုရီးယား ဗဟိုဌာနများ၏ အာဆီယံဒေသ တွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ အာဆီယံနှင့်ဆက်စပ်အဖွဲ့များမှ ကိုဗစ်-၁၉ ကာလ အတွင်းနှင့် ကိုဗစ်- ၁၉ အလွန်ကာလတွင် ဒေသတွင်းခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

ထို့အပြင် ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ အစည်းအဝေး နှင့်အတူ ဆက်စပ်အစည်းအဝေးများဖြစ်သည့် အကြိမ်(၄၀)မြောက် အာဆီယံ+တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အစည်းအဝေး၊ (၂၇)ကြိမ်မြောက် အာဆီယံ- အိန္ဒိယခရီးသွားလုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် အာဆီယံ-ရုရှား ခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးများကို ဒီဇင်ဘာ ၁၅ ရက်တွင် ဆက်လက်ကျင်းပ၍ အာဆီယံဒေသတွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ထူထောင်ရေး နှင့် ဘေးကင်းလုံခြုံ၍ အရည်အသွေးပြည့်ဝသော ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ရေးလုပ်ငန်းစဉ်များ တွင် မိတ်ဖက်နိုင်ငံများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေသည့် အခြေအနေများ အပါအဝင် ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)