ရန်ကုန် ဒီဇင်ဘာ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့သည် ယနေ့ နံနက် ၇ နာရီခွဲတွင် ပုဇွန်တောင် ဈေးသို့ သွားရောက်၍ ဈေးအတွင်း စျေးရောင်း/စျေးဝယ် ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်ကမ်းချက်များနှင့်အညီ ရောင်းဝယ် ဖောက်ကားနေမှု၊ ဈေးအတွင်း အမှိုက်ကန်နှင့် ဈေးပတ်လမ်းခင်းကျင်းထားမှု၊ ယာယီဈေးရုံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်ဥပဒေချုပ်တို့သည် နံနက် ၈ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ် ကို ဆက်သွယ်ထားသည့် ပုဇွန်တောင်ချောင်းကူး သာကေတတံတားဟောင်းရှိ စက်ဘီးလမ်းနှင့် လူသွားလမ်းပါ Linear Park တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဒေါပုံမြို့နယ် စက်ရုံလမ်းရှိ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ကတ္တရာကွန်ကရိဖျော်စက် လုပ်ငန်းခွင်ကိုသွားရောက်၍ လမ်းတံတားဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်  ကတ္တရာကွန်ကရိ၊ ဘိလပ်မြေကွန်ကရိ၊ စင်္ကြန်ဘလောက်တုံးများ ထုတ်လုပ်ပေးနိုင်ရေးအတွက် ကတ္တရာကွန်ကရိဖျော်စက်၊ ဘိလပ်မြေ ကွန်ကရိဖျော်စက်၊ စင်္ကြန်ဘလောက်တုံး ထုတ်လုပ်သည့်စက်များ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် ကြပ်မတ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)