ပေါက် ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာခူးဆွတ်သိမ်းဆည်းချိန်တွင် နေကြာစေ့ရဖို့ သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ခင်တန်းရှည်ကျေးရွာ ဆောင်းနေကြာစိုက်ပျိုး တောင်သူ ဦးမျိုးအောင်က ပြောကြားသည်။
ပေါက်မြို့နယ်တွင် ဆီးထွက်သီးနှံများဖြစ်သည့် မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း၊ သုံးလမြေပဲ၊ ခြောက်လ မြေပဲများကို စီးပွားဖြစ်စိုက်ပျိုးကြသည့်အပြင် ဆောင်းနေကြာကိုလည်း စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးထဲ စိုက်ပျိုးကြသည်များလည်း ရှိကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ကြဲပက်စိုက်ပျိုးကြပြီး မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးသည့် မြေယာများတွင် ကုလားပဲ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူသီးနှံများဖြင့် လည်းကောင်း၊ အလားတူ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ကျေးလက်တောင်သူများသည် နှမ်းခင်းများထဲ၊ နေကြာသီးညှပ်စိုက်ပျိုးကြခြင်းဖြင့် လည်းကောင်း၊ ဆောင်းနေကြာစိုက်ပျိုးခြင်းအား နေကြာသီးသန့် စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်း လေးလကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး နေကြာကြဲပက်စိုက်ပျိုးခြင်းအား ရေဆင်း-၁၊ ဆင်းရွှေကြာ-၂ စပ်မျိုးနေကြာမျိုးကောင်း မျိုးသန့်များကိုဝယ် ယူစိုက်ပျိုးကြကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို မိမိတို့အရပ်ဒေသရှိ သစ်သားဆုံများဖြင့် ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ် မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“မနှစ်က ဆောင်းနေကြာ စိုက်ပျိုးတောင်သူတွေ ကြက်တူရွေးအုပ်ကျရောက်လို့ နေကြာမှန်းသလောက် မထွက်ရှိခဲ့ဘူး။ ယခုနှစ်မှာ ဆောင်းနေကြာ ဖြစ်ထွန်းပြီး ကြက်တူရွေးအုပ် မကျရောက်အောင် စာခြောက်ရုပ်တွေထားရှိပြီး လူကိုယ်တိုင် ကြက်တူရွေး မောင်းထုတ်တာ နေကြာခင်း စောင့်တာတွေ လုပ်ဆောင်ရတယ်။ ဆောင်းနေကြာခူးဆွတ်ခြွေချိန် နေကြာစေ့သေချာပေါက် အထွက်များနိုင်ပါတယ်” ဟု ခင်တန်းရှည်ကျေးရွာမှ ဆောင်းနေကြာ စိုက်ပျိုးတောင်သူက ပြောသည်။
ဉာဏ်တိုး(ပြန်/ဆက်)


