မကွေး ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ ဒီဇင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲက စလင်းမြို့နယ်၊ အင်ကြင်းပင်လှကျေးရွာအုပ်စု၊ လက်ပံကျင်းကျေးရွာရှိ တောင်သူ ဦးမန်းတင်၏ စံပြဝါမျိုး ယှဉ်ပြိုင်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်လင်းမှ (၁၀)ဧက ဝါသီးနှံစိုက်ခင်းတွင် ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁)အမျိုးအစားများ စိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်က စံကွက်ရိတ်သိမ်းဆောင်ရွက်မည့် အခြေအနေနှင့် ပတ်သက်၍ လည်းကောင်း၊ အင်ကြင်းပင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် တောင်သူများက ကျေးရွာစာသင်ကျောင်းနှင့် လယ်မြေနှင့် ယာမြေစိုက်ပျိုးရေးရေရရှိရေး ကိစ္စရပ်များအား လည်းကောင်း တင်ပြခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စလင်းမြို့သို့ ရောက်ရှိပြီး စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံ အားကစားခန်းမသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်တို့က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်မှု အခြေအနေနှင့် ပညာရေးဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကာ မိုးလုံလေလုံ ကျောင်းအားကစားခန်းမ တည်ဆောက်ပေးသည့် အောင်အောင်သော် ကုမ္ပဏီတာဝန်ခံ ဦးအာကာထက်က အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတန်းများအား အ.ထ.က(၁) ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သန်းထံ လွှဲပြောင်းပေးခဲ့သည်။
ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအလှ ကာယပညာ၊ ကျောင်းသူလေးတစ်ဦးမှ မြန်မာ့ရိုးရာ ခြင်းလုံးခတ် အားကစားအလှပြ ဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများက ယဉ်ကျေးလိမ္မာစာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များအား မြို့နယ် တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်ရွက်သည့် ပုထိုးဖြူရပ်ကွက်၊ ရွှေမြင်တင် ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ရာ မြို့နယ်အမှုဆောင်အရာရှိမှ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များမှာကြားပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ


