ရန်ကုန် ဒီဇင်ဘာ ၁၄
အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြီး၍ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့သည် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်းအပ်နှံခြင်းစာချွန်လွှာကို လက်မှတ်ရေးထိုးကြသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့မှု VIDEO Clip ကို ပြသပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခု အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁)ကို ၁၉၈၃ ခုနှစ်က တရုတ်အစိုးရ၏ ရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် မြန်မာ(၂)နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို သင်္ကေတပြုသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ အားကစားရုံကို အခမဲ့ပြုပြင်မွမ်းမံရန် ဆုံးဖြတ်ခဲ့ပြီး ယနေ့ စီမံကိန်း အောင်မြင်စွာ ပြီးဆုံး၍ လွှဲပြောင်းအပ်နှံ နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အားကစားသည် လူမှုဖွံ့ဖြိုးရေးနှင့် လူသားတိုးတက်မှုအတွက် အရေးကြီးသော သင်္ကေတတစ်ခုဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၂၀၂၂ ခုနှစ်၌ (၂၄)ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်နှင့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပါကြောင်း၊ တရုတ်နှင့် မြန်မာအကြား အားကစားနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံက အထူးအလေးထားပါကြောင်း၊ လာမည့်နှစ် မေလတွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁)ကြိမ် မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိစေရန် မြန်မာနိုင်ငံအတွက် အားကစားနည်းပညာဆိုင်ရာ အကူအညီပေးရေးစီမံချက် တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူကို ဗဟိုပြုသည့် သဘောတရားကိုအခြေခံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ရလဒ်များသည် မြန်မာနိုင်ငံ ပြည်သူများကို ပိုမိုအကျိုးရှိစေရန်အတွက် မြန်မာနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်းအပ်နှံခြင်း စာချွန်လွှာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က အပြန်အလှန်လဲလှယ်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဆိုပါ အားကစားပြိုင်ပွဲရုံသည် ပရိသတ်(၁၀၈၂၅)ဦး ဝင်ဆံ့ပြီး ဖွင့်လှစ်စဉ်မှ ယနေ့အထိ နိုင်ငံတကာ အဆင့်အားကစားပြိုင်ပွဲများ၊ ပြည်တွင်း အားကစားပြိုင်ပွဲများနှင့် အခမ်းအနားပေါင်းများစွာကို ကျင်းပဆောင်ရွက်နိုင်ခဲ့ပါကြောင်းနှင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများကို မွေးထုတ်ပေးခဲ့သည့် အားကစားရုံ ဖြစ်ပါကြောင်း၊ နှစ်ကာလကြာမြှင့်လာသည့်အခါ အားကစားရုံနှင့် လျှပ်စစ်နှင့်စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလျော့နည်းလာခြင်းများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမျိုး၌ အဆောက်အဦ၏ အဓိကပုံစံ မပြောင်းလဲဘဲ မူလပုံစံမပျက် ကဏ္ဍအလိုက် အဆင့်မြှင့် ပြန်လည်တည်ဆောက်ပေးသည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် Shanghai ဆောက်လုပ်ရေးကုမ္ပဏီ၏ စိတ်ရင်းစေတနာကို အထူးပင်ဝမ်းသာဂုဏ်ယူပါကြောင်း။
စီမံကိန်းကြီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ယွမ်သန်း(၂၂၀) အကုန်အကျခံ၍ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိ အားကစားရုံကြီးကို မူလပုံစံမပျက်ဘဲ သတ်မှတ်ကာလအတွင်း ပြုပြင်ပြီးစီးခဲ့သည့်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု သမိုင်းမှတ်တိုင်တစ်ခု ကျန်ရှိနေမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ခုနှစ်တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၄)ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲနှင့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အဆင့်မြှင့်တင်ပြုပြင်ပြီးသည့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူးကြီး Mr. Tan Shu Fu တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


