ဘားအံ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်တွင် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်သည် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ ဘားအံမြို့နယ်အတွင်း တန် ၄၀၀၀ ဘိလပ်မြေစက်ရုံအနီးရှိ ကျေးရွာများကို သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ဘိလပ်မြေစက်ရုံအနီးရှိ ကျေးရွာများမှာ ရေတွင်းကုန်း၊ နတ်ကုန်း၊ ငှက်ပျောတော၊ ကော့ပတိုင် ကျေးရွာများဖြစ်ကြောင်း သိရသည်။
ယင်းကျေးရွာများ၌ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ၊ ကျေးရွာအလှူရှင်များ၏ လှူဒါန်းမှုဖြင့် အမြင့်တင်ရေစင်များ ဆောင်ရွက်ထားရှိပြီး ရေစင်မှ အိမ်တိုင်ရာရောက် ရေပေးဝေနိုင်ရေးအတွက် ကျေးရွာသူ၊ ကျေးရွာသားများဖြင့် ပူးပေါင်းကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ယူနီဆက်တို့က လိုအပ်သည့်နည်းပညာနှင့် ရေပိုက်များကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာကာလတွင် ထောက်ပံ့ပေးအပ်နိုင်ရေး ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


