မိုင်းယု ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသခံတိုင်းရင်းသား သက်ကြီးဘိုးဘွားများက ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို အလှူနှင့် ယတြာချေရာတို့၌ အသုံးပြုနိုင်ရန်အတွက် တစ်ပိုင်တစ်နိုင် ပြုလုပ်ရောင်းချရာတွင် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြသည်။
အဆိုပါ ရိုးရာဖယောင်းတိုင်များကို မိုင်းယုဒေသတွင်းရှိ ဒေသခံတိုင်းရင်းသား သက်ကြီးဘိုးဘွားများက အသက်ရလာသည်နှင့်အမျှ အခြားလုပ်ငန်းများ သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက် မိမိတို့အိမ်တွင် သက်တောင့်သက်သာနေ၍ မိသားစုအပိုဝင်ငွေရရှိစေရန် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို ပြုလုပ်ရောင်းချကြရခြင်းဖြစ်သည်။
ယင်းဖယောင်းတိုင်များ ပြုလုပ်ရာတွင် အသုံးပြုကြသည့် ဖယောင်းခဲနှင့် ပိုးကြိုးအခွေများကို ကျိုင်းတုံမြို့နယ်မှတစ်ဆင့် မှာယူကြသည်။ ရရှိလာသည့်ဖယောင်းခဲကို ဒယ်အိုးကြီးထဲထည့်ပြီး မီးအပူပေးကာ အရည်ပျော်လာသည့် ဖယောင်းရည်ပူအတွင်း တစ်ပေခွဲခန့် ဖြတ်တောက်ထားသည့် ပိုးကြိုးအခွေအား ကြိုးတစ်ချောင်းချင်းဆီကိုယူ၍ အစွန်းဖက်မှကိုင်ကာ ဖယောင်းရည်ပူအတွင်း မီးထွန်းဆာချန်၍ အတင့်သင့်နစ်ကာ ဘယ်ညာဆွဲပြီး ညီညာသည့် ကြွေပြား/မှန်ပြားပေါ်တွင် တစ်ချောင်းဆီ အအေးခံခြင်းဖြင့် သေသပ်လှသည့် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်ကို ရရှိလာရခြင်းဖြစ်သည်။
၎င်းရရှိလာသည့် ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို အလယ်မှ ထက်ဝက်ခန့် ပြန်ဖျက်တောက်၍ အစည်းအရွယ်အစား အမျိုးမျိုးစည်းကာ တစ်စည်းလျှင် ကျပ်ငွေ ၂၀၀ မှ ၂၀၀၀ ကြား ရောင်းချလျက်ရှိကြောင်း ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များ ပြုလုပ်ရောင်းချသည့် ဒေသခံဘိုးဘွားတစ်ဦးက ပြောသည်။ အဆိုပါ ရှမ်းရိုးရာလက်လုပ်ဖယောင်းတိုင်များကို ရှမ်းတိုင်းရင်းသားများ ရိုးရာအလှူပြုရာတွင် ထွန်းညှိပူဇော်ရာ၌ လည်းကောင်း၊ ယတြာချေရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြသည်။
ကိုကိုနိုင်(မိုင်းယု)


