မြင်းမူ  ဒီဇင်ဘာ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊  မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံဧက (၁၉၅၃၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယမန်နှစ်ထက် ဝါမျိုးစုံ(၁၅)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ ယခုအခါ ဝါများ ကောက်ယူရောင်းချလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

 

ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆)မျိုး များကို စိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရွှေတောင်(၈)မျိုးကို  အများအပြားစိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက် ဝါ(၁)ဧကလျှင် ဝါပိဿာချိန် (၆၀၀)ခန့်နှင့် ဖြည့်စွက် ရေထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက ဝါပိဿာချိန်(၈၀၀)ခန့် ထွက်ရှိနိုင်ကာ စက်တင်ဘာလမှစ၍ ဝါများကောက်ယူ ရောင်းချရကြောင်း သိရသည်။

 

ယခင်လများတွင်‌ ကောက်ယူရောင်းချချိန်တွင်  မိုးတွင်းရာသီဖြစ်သည့်အတွက် အစိုဓာတ်ပါဝင်မှုများကြောင့်    ဝါအရည်အသွေး မပြည့်မီသည့်အတွက်  ဝါ(၁)ပိဿာလျှင် ငွေကျပ် (၁၀၀၀)ဈေးသာ ရောင်းချရသော်လည်း ယခု မိုးလွတ်ရာသီဖြစ်သည့်အတွက် ဝါတစ်ပိဿာလျှင်  (၁၅၀၀)မှ (၁၆၀၀)ဈေးထိ ဝယ်ယူလျက်ရှိပြီး ဝယ်ယူရရှိသည့်ဝါများကို မန္တလေးမြို့နှင့် တရုတ်နိုင်ငံထိ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အောင်စိုးဖေ(မြင်းမူ)