မိုးနဲ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီက လွိုင်မြေရပ်ကွက်၊ အုတ်ဖိုဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိုးနဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်က ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း မေ ၃ ရက်နေ့မှစ၍ ယနေ့ထိ အိမ်ထောင်စု (၆၀) စုအား လူဦးရေစာရင်း ထုတ်ပေးခြင်း၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း (၁၃၅)ဦး၊ အသက်(၁၈)နှစ်ပြည့်နှင့်အထက် (၁၂၄၉) ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသောစီမံချက်ကာလ (၁၀)လတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


