လှိုင်းဘွဲ   ဒီဇင်ဘာ   ၁၅

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သာယာကုန်းကျေးရွာအုပ်စု၊ ဝါးခုတ္တောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို တာဝန်ရှိသူများမှ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ လှိုင်းဘွဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော် နိုင်ထွန်းနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များနှင့်အတူ ဝါးခုတ္တောကျေးရွာ၌ ကျေးလက် ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုဆွေးနွေး ပြောကြားခဲ့သည်။  

 

အဆိုပါကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၁ မိုင် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် မြေသားနှစ်ပေ၊ ဂဝံ ၉ လက်မထုခင်းခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၆)လဘတ်ဂျက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေကျပ် ၆၂ ဒသမ ၀၀၃ သန်းဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက နိုဝင်ဘာလ စတုတ္ထပတ်က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၀ ရာနှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းပြီးစီးပါက ကျေးရွာရှိအိမ်ခြေ (၅၃၀)အိမ်၊ လူဦးရေ(၃၂၁၀)ဦးတို့၏ လယ်ယာထုတ်ကုန် ဧက(၄၂၀)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်