ရပ်စောက် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့နယ်တွင် မိုးသီးနှံများရိတ်သိမ်းပြီးချိန် လယ်ယာမြေများ၌ ဆောင်းနေကြာအပြင် အခြားသီးနှံများ ဖြစ်သည့် ပဲပုပ်၊ မြေပဲ၊ ကုလားပဲစသည့် သီးနှံများကိုလည်း သီးထပ်သီးညှပ် အဖြစ်စိုက်ပျိုးကြသည်။ ၎င်းအပြင် နေကြာတစ်မျိုးတည်းကို သီးသန့်စိုက်ပျိုးလျက်ရှိပြီး ရေဆင်းစပ်မျိုး-၁ နေကြာအား အဓိကထား စိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် နေကြာမျိုး ၂ ပြည်ခွဲကျော်(၂၂ ဘူး) အသုံးပြု၍ ပင်ခြား ၉ လက်မ၊ တန်းခြား ၂ ပေခွဲ နည်းစနစ်ဖြင့် တစ်ကျင်းလျှင် (၂)စေ့နှုန်းစိုက်ပျိုးပြီး အပင်(၁၅)ရက်သားရလျှင် တစ်ကျင်း(၁)ပင်ချန်၍ သားခွဲရကြောင်း၊ အပင်သက်တမ်း (၈၀)မှ (၈၅)ရက် အထိကြာမြင့်ပြီး အပင်အမြင့် ၄ ပေ ၄ ပေခွဲ၊ အပွင့်ဆိုဒ် ၅ ဒသမ ၉ လက်မနှင့် အောင်စေ့ရာခိုင်နှုန်း ၅၀၀ မှ ၉၀၀ ကြားထွက်ရှိကြောင်းနှင့် တစ်ဧက ဝင်ဆန့်အပင်ဦးရေ ၂၉၀၀၀ ကျော်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆောင်းနေကြာကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းကြကာ ရပ်စောက်မြို့နယ်၌ ဆောင်းနေကြာ (၁၃၀၀)ဧက လျာထားစိုက်ပျိုးပြီးဖြစ်ရာ ဆောင်းနေကြာများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)