ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) စတင်အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လိုင်သာကျေးရွာအုပ်စု၊ ပင်ပုကျေးရွာတွင် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ပင်ပုကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် တာဝန်ရှိသူများသည် ပင်ပုကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာလမ်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ကျေးရွာပြည်သူများကိုယ်တိုင် ကျေးရွာအတွက် လိုအပ်ချက်များကို ဖော်ထုတ်ပြီး စီမံကိန်း ရေးဆွဲခြင်း၊ ကျေးရွာရှိ အများသဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသောကော်မတီ၏ ဦးဆောင်မှုဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်တက်လာစေခြင်း၊ စီမံကိန်းဆိုင်ရာ အချက်အလက် စာရင်းဇယားထိန်းသိမ်းမှု ကျွမ်းကျင်လာစေခြင်းနှင့် နိုင်ငံတော်စီမံကိန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်မှု မြင့်မားလာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည် နည်းပညာများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် (၁၀)သန်း၊ ကျေးရွာ ပြည်သူ လူထုမှ ပူးပေါင်းထည့်ဝင်ငွေ ငွေကျပ် (၃)သန်း စုစုပေါင်း ငွေကျပ် (၁၃)သန်းဖြင့် ဒီဇင်ဘာလ ပထမအပတ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါကျေးရွာတွင်းလမ်းမှာ လမ်းအရှည် ၅၉၅ ပေ၊ လမ်းအကျယ် ၁၂ ပေ၊ လမ်းထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးပါက လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရသည်။
ကိုပြည့်(ကျေးလက်)