မုံရွာ  ဒီဇင်ဘာ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက မုံရွာမြို့၊ ပြည်သူအားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအားကစား အဆင့်အတန်းဟာ အဲဒီနိုင်ငံမှာ ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲများရဲ့ အဆင့်အတန်းရှိမှုအပေါ် မူတည်နေသလို အဆင့်အတန်းရှိ သောဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက်လည်း ဘောလုံးနည်းပြ ဆရာကောင်းများရှိရန် အထူးအရေးကြီးပါကြောင်း၊ နိုင်ငံတစ်နိုင်၏ ဘောလုံး အားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ရေတိုရေရှည်စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အရည်အသွေးမြင့်မားတဲ့ နည်းပြကောင်းတွေ စဉ်ဆက်မပြတ် ပေါ်ထွက်စေရေး စီမံချက်ကိုလည်း မဖြစ်မနေထည့်သွင်းစဉ်းစား လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ဘောလုံအားကစားရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ကစားကွက်တွေကို သဘောပေါက် နားလည် သွားရမှာဖြစ်ပါကြောင်း၊ ဒီသင်တန်းကရရှိခဲ့တဲ့ အသိ ပညာ ဗဟုသုတတွေနဲ့ နည်းပညာတွေကို သင်တန်းမှာမထားခဲ့ဘဲ လက်တွေ့နယ်ပယ်ထဲအထိ အသုံးချနိုင်ဖို့ အမြဲတမ်းလေ့ကျင့် လှုပ်ရှား သင်ယူနေကြဖို့ တိုက်တွန်းလိုပါကြောင်း” ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြင့်ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

 

အဆိုပါ ၂၀၂၁ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘောလုံးနည်းပြ “ C ” လိုင်စင်သင်တန်းကို ဒီဇင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ (၆)ရက်ကြာ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၃၃)ဦး တက်ရောက်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး ပြန်/ဆက်