မိတ္ထီလာ ဒီဇင်ဘာ ၁၆
မိတ္ထီလာမြို့ ပြည်သာယာ(မ)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒီဇင်ဘာလ အားကစားလ အထိမ်းအမှတ် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သော မြန်မာ့ရိုးရာ ထုပ်စည်းထိုးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ကျင်းပသည်။
“ဒီဇင်ဘာ အားကစားလ အထိမ်းအမှတ်အနေနဲ့ ပြည်သာယာ(မ)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းမှာ မြန်မာ့ရိုးရာထုပ်စည်းထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေ စာသင်ချိန်လည်း မပျက်အောင်၊ အားကစားလှုပ်ရှားမှုလည်း ပါဝင်ဆင်နွှဲနိုင်အောင် မနက်ပိုင်းအချိန်မှာ ထုပ်စည်းထိုးပြိုင်ပွဲကို ကျင်းပပြုလုပ်တာပါ။ ကျောင်းသားကျောင်းသူတွေလေးတွေ ပညာလည်းတော်ပြီး ကိုယ်လက်ကြံ့ခိုင်ကျန်းမာတဲ့ မျိုးဆက်သစ် လူငယ်လေးတွေ ဖြစ်စေဖို့လည်း ရည်ရွယ်ပြီး အခုလို အားကစားပြိုင်ပွဲလေးတွေကို စာသင်ချိန်မပျက်စေဘဲ ကျင်းပပေးတာဖြစ်ပါတယ်”ဟု အဆိုကျောင်း၏ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အခြေခံပညာအလယ်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)