မြစ်ကြီးနား ဒီဇင်ဘာ ၁၆

 

ကချင်ပြည်နယ် ပူတာအိုမြို့တွင် ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အနီးကပ် ကြီးကြပ် မှုဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော ရဝမ်ယဉ်ကျေးမှုပြတိုက်ဖွင့်ပွဲ ကျင်းပရေးအတွက် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာပြည်မြောက်ဖျားပိုင်းတွင် ရှိသည့် ရဝမ်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းပြီး ပြသနိုင်သည့် ရဝမ်ယဉ်ကျေးမှုပြတိုက်ကို ခမ်းခမ်းနားနား၊ အနှစ်သာရပြည့်ဝစွာဖြင့် ဖွင့်ပွဲကျင်းပရမည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများအပြင် ဖွင့်ပွဲကျင်းပရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲကျင်းပနိုင်ရေး လိုအပ်သည့် အစီအမံများကို ပွင့်ပွင့်လင်းလင်းဖြင့် တင်ပြဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် ပွဲတော်ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအင်ဖုန်တန်၊ အဖွဲ့ဝင် ဒူဝါ ရယ်ဒမ်းတန်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲကျင်းပရေးအတွက် စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက် သွားမည့် အစီအစဉ်များ၊ ရန်ပုံငွေရရှိရေး ဆောင်ရွက်လျက်ရှိသည့် အစီအမံများကို တင်ပြဆွေးနွေးကြရာ ဖွင့်ပွဲကျင်းပရေးအတွက်  ပြတိုက်တည်ဆောက်ထားသည့် ရဝမ်ရိုးရာမနောကွင်းအတွင်း ပြုပြင်တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရန်ပုံငွေရရှိရေးအတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်သွားရေးနှင့် အစိုးရအဖွဲ့မှ ကော်မတီများတွင် ပေါင်းစပ်ပါဝင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ပြည်ထောင်စုအဆင့်များအား ဖိတ်ကြားသွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရဝမ်တိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ရိုးရာဓလေ့ထုံးစံနှင့်အညီ အနှစ်သာရရှိစွာ ကျင်းပနိုင်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပနိုင် ရေးနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ပြည်နယ် ပြန်/ဆက်