လားရှိုး ဒီဇင်ဘာ ၁၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘေဟိုင်းမြို့တော်တွင် ဒီဇင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီက မဲခေါင်-လန်ချန်း ဒေသတွင်းအစိုးရ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို Online နှင့် Offline ပေါင်းစပ်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက “ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးတွင် အထောက်အကူတစ်ခုဖြစ်သည့် ကာကွယ်ဆေးများ အဆက်မပြတ် ထောက်ပံ့ပေးမှုနှင့် အခြားဆေးဘက် ဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် အကူအညီ ပေးကြသော အခြားမဲခေါင် ဒေသတွင်း နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ရှမ်းပြည်နယ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့်အတွက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၀၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံနိုင်စေရန် အရေးကြီးကြောင်း၊ လူမှုစီးပွား ပြန်လည်ကောင်းမွန်လာစေရေးအတွက် နိုင်ငံအားလုံးနှင့် ဒေသတွင်းအစိုးရများက ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဆက်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာစေရန် ပူပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ အပါအဝင် အခြားအတားအဆီးများကို မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးမှပေးသော အင်အားများဖြင့် ကျော်လွှားအောင်မြင်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ငြိမ်းချမ်းသော ဖွံဖြိုးတိုးတက်သော မဲခေါင်-လန်ချန်းဒေသ၏ အနာဂတ်အတွက် မြန်မာနိုင်ငံမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း” ပြောကြားသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ဒေသအတွင်းအစိုးရ ပူးပေါင်းဆောင်မှုအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်မှ CPAFFC ဥက္ကဋ္ဌ H.E.Mr. Lin Songtian၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကွမ်ရှီး၊ စီချွမ်း၊ ကွီဇူး၊ ရန်နမ်၊ ရှန်ရှီ ဒေသအစိုးရမှ ခေါင်းဆောင်များ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ဒေသအစိုးရ အကြီးအကဲများ တက်ရောက်ကြသည်။
မောင်မောင်သန်း(တောင်ကြီး)