မင်းဘူး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင့်ကျော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၇ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မန်းရွှေစက်တော်ဘုရားကြီး အဝင်လမ်း (၃)လမ်းတစ်လျှောက် သန့်ရှင်းသာယာ လှပစေရေးနှင့် အောက်စက်တော်ရာ၊ အထက်စက်တော်ရာ၊ မန်းချောင်းနှင့် မန်းရွှေစက်တော် ဘုရားကြီး ပရိဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဘုရားဖူး မိဘပြည်သူများ လာရောက်ဖူးမြော်ရာတွင် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မန်းရွှေစက်တော်ဘုရား၌ ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှုနှင့် ပြီးစီးမှုအခြေအနေများ၊ ဓာတ်လှေကားအနီး ကားတက်လမ်းနှင့် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကိုလည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းတို့က ငဖဲမြို့နယ် ပဒါန်းကျေးရွာရှိ နယ်မြေမီးသတ်စခန်းသို့ သွားရောက်၍ မြေနေရာ၊ မီးသတ်အဆောက်အအုံ တည်ဆောက်ထားမှု၊ ဝန်ထမ်းအိမ်ရာနှင့် မီးသတ်ကားထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)