နတ်တလင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ မကျီးစုအုပ်စု၊ သပြေလှကျေးရွာတွင် မီးလောင်ဆုံးရှုံးသွားသော အိမ် သုံးအိမ်မှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ခြင်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ သာယာ၀တီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်၀င်း၀င်းမာနှင့်အဖွဲ့တို့ ပူးပေါင်း၍ မကျီးစုအုပ်စု၊ သပြေလှကျေးရွာတွင် ဒီဇင်ဘာ ၁၆ ရက် နံနက် ၃ နာရီ မိနစ် ၄၀ က မီးလောင်ခဲ့သော မီးဘေးသင့် အိမ် သုံးလုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် ခြောက်သိန်း၊ ၎င်းနေအိမ်များရှိ လူဦးရေ ၁၀ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ် ၂၁၀၀၀ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၆၂၁၀၀၀နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇) မျိုးပါ ပလတ်စတစ်ပုံး သုံးပုံးတို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


