ပြည်   ဒီဇင်ဘာ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ကမ်းနားလမ်းရှိ ခေတ္တရာညဈေးသစ် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီက အဆိုပါညဈေး မုခ်ဦး၌ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့  ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ ဈေးသားများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဌေးဝင်း၊  ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ညဈေးအတွင်း ဈေးရောင်း ဈေးဝယ် များဖြင့် စည်ကားနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ပြည်မြို့ထဲတွင် ယခင်က ညဈေးတစ်ခုရှိခဲ့သော်လည်း ယင်းနေရာသည် မြို့လယ်ကောင် ဖြစ်နေ၍ လမ်းပိတ်ဆို့မှုများနှင့် မြို့ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နေရာကြပ်လာကြောင်း၊ ပြည်မြို့ ကမ်းနားလမ်းတွင် River View နေရာလည်းရှိနေတဲ့အတွက်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ယခု ခေတ္တရာညဈေးအား အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင်ညဈေးမှ ဈေးသည်များကို ဦးစားပေး နေရာချ ထားပေးကာ ယခုလက်ရှိတွင် ဈေးဆိုင်ပေါင်း ၁၀၀ ကျော်ဖြင့် ပထမပိုင်းအနေဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊  ဒုတိယပိုင်းအနေဖြင့် ဈေးဆိုင်နေရာများ ထပ်မံတိုးချဲ့ ဖော်ဆောင်မည်ဖြစ်ကာ ယင်းဆောင်ရွက်ခြင်းအား ယခုနှစ် မိုးမတိုင်မီအပြီး ဆက်လက်တင်ပြ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်ဦး၏ ပြောပြချက်အရ သိရသည်။

ကိုဆက်(ပြန်/ဆက်)