ညောင်ရွှေ ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမကျေးရွာရှိ အင်းလေးရေပေါ်ဈေးကို ဒီဇင်ဘာ ၂၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်သည်။
အင်းလေးရေပေါ်ဈေးကို ဒေသ၏ ငါးရက်လျှင် ဈေးနေ့တစ်ရက်အဖြစ် သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်ရောင်းချ မည်ဖြစ်ကြောင်း၊ အဓိက ရောင်းကုန်များအဖြစ် ဒေသအစားအစာများ၊ ဟင်းသီးဟင်းရွက်အပါအဝင် ကုန်ပစ္စည်းများကို လှေပေါ်တွင်တင်၍ ရောင်းချမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် ထုပ်ပိုးမှုစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ရေပေါ်ဈေးကို နံနက် ၇ နာရီမှ ၁၀ နာရီထိ ဖွင့်လှစ်ရောင်းချရန် စီစဉ်ထားကြောင်း ဟဲယာရွာမကျေးရွာမှ မစုဝါဝါခင်က ပြောပြသည်။
အင်းလေးရေပေါ်ဈေးသည် ယခင်က ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားရာနေရာ တစ်ခုဖြစ်ခဲ့သော်လည်း နွေရာသီတွင် ရေလျော့နည်းမှုကြောင့် ရေပေါ်ဈေးအဖြစ် ရောင်းဝယ်မှုမပြုနိုင်ဘဲ ကုန်းမြေပေါ်သို့ ပြောင်းရွှေ့ရောင်းဝယ်ခဲ့ရကြောင်း၊ ဆယ်စုနှစ် တစ်စုကျော် ပျောက်ကွယ်ခဲ့သည့် အင်းလေးရေပေါ်ဈေးသည် ယမန်နှစ် အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ ဒေသခံ ရောင်းသူ ဝယ်သူများဖြင့် ပြန်လည်အသက်ဝင် စည်ကားလာခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ဈေးဖွင့်လှစ် ရောင်းချနိုင်ခြင်းမရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
နေမျိုးသူရိန်