မြိတ် ဒီဇင်ဘာ ၁၉

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေများဖြင့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် (၁၁) ကေဗီဓာတ်အားလိုင်း၊ (၄၀၀) ဗို့ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တည်ဆောက်ပြီးစီးခဲ့သည့် မြိတ်မြို့နယ် မဇောကျေးရွာအုပ်စုရှိ ကျေးရွာ ၁၄ ရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိပြီး ကျေးရွာပြည်သူများမှ မြို့ပြနှင့်တန်းတူ လျှပ်စစ်မီး အသုံးပြုနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

 

လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက မဇောမရင်းကျေးရွာ စာသင်ကျောင်း၌ ကျင်းပခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အမှာစကားပြောကြားသည်။ ထို့နောက် မြိတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးနိုင်ဝင်းက မဇောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ မီးလင်းရေး ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး ကျေးရွာပြည်သူလူထုကိုယ်စား ဦးစောထွန်းဂယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

 

ကျေးရွာများ လျှပ်စစ်မီးလင်းရေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်ဗိုလ်၊ မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းတို့က မဇောမရင်းကျေးရွာရှိ ထရန်စဖော်မာအရှေ့တွင် ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးများက ဒေသခံ တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။   

 

လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ကျေးရွာပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး သုံးစွဲနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ မဇောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၄ ရွာတွင် (၁၁) ကေဗီဓာတ်အားလိုင်း ၁၀ ဒသမ ၈ မိုင်၊ (၄၀၀) ဗို့ ဓာတ်အားလိုင်း ၁၀ ဒသမ ၃ မိုင်နှင့် ထရန်စဖော်မာ ၁၂ လုံးကို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တည်ဆောက်/ တပ်ဆင်ပေးနိုင်ခဲ့ပြီး ကျေးရွာပြည်သူများအတွက် အိမ်သုံးမီတာ (၁၁၁၈) လုံးကို တပ်ဆင်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်၍ ကျေးရွာပြည်သူများက လျှပ်စစ်မီးကို မြို့ပြနှင့်တန်းတူ ၂၄ နာရီ လျှပ်စစ်မီး သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။  

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)