နေပြည်တော် ဒီဇင်ဘာ ၁၉
နေပြည်တော်အတွင်းရှိ လီဆူတိုင်းရင်းသားမိသားစုများ၏ ခရစ္စမတ်အကြို ဆုတောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာရှိ လီဆူခရစ်ယာန်ရိပ်သာ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တက်ရောက်သည်။
ဦးစွာ ဆရာမ ဒေါ်အလေးမီးက အဖွင့်ဆုတောင်းချီးမွမ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မေတ္တာရှေ့ ထား၍ ကမ္ဘာမြေငြိမ်းချမ်းအောင် ဝိုင်းဝန်းလုပ်ဆောင်ကြစေလိုကြောင်း၊ မေတ္တာပေး၍ မေတ္တာပြန် ယူကြစေလိုကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ၊ လောကီသား အားလုံးမေတ္တာ၊ ကရုဏာထားနိုင်ပါစေဟု ခရစ္စမတ်နှုတ်ခွန်း ဆက်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လီဆူအသင်းတော် တိုင်းရင်းသား မိသားစုများ အား သမ္မာကျမ်းစာအုပ်များ ခရစ္စမတ်လက်ဆောင်ပေးအပ်ပြီး လီဆူတိုင်းရင်းသားများ ကလည်း ခရစ္စမတ်လက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် သင်းအုပ်ဆရာတော် ဆရာချာလူးက ကောင်းချီးပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)