လဲချား ဒီဇင်ဘာ ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) များ ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသီဟန်လင်းနှင့် တာဝန်ရှိသူများသည် လဲချားမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာကာလ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်လျက်ရှိသော လမ်းအရှည် ပေ ၂၂၀၀၊ အကျယ် ၁၂ ပေနှင့် ထုခြောက်လက်မရှိ နောင်ကိန်ကျေးရွာ အဝင်လမ်းပြုပြင်ခြင်းနှင့် ယင်းလမ်းပေါ်တွင် Box Culvert ငါးပေတစ်စင်း၊ Pipe Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ လမ်းအရှည် ၃၀၀၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထုခြောက်လက်မရှိ ဝမ်ပုတ်ကျေးရွာ အဝင်လမ်းပြုပြင်ခြင်းလုပ်ငန်း အခြေအနေများကို စစ်ဆေးကြသည်။

 

ထို့နောက် အလျားပေ ၃၀၊ အနံ ၅၄ ပေနှင့် အမြင့် ၁၂ ပေရှိ ခိုစိုက်ကျေးရွာ ဘတ်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း၊ အလျား ၂၇ ပေ၊ အနံ ၄၆ ပေနှင့် အမြင့် ၁၂ ပေရှိ ဟွေလောင်းကျေးရွာ ဘတ်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း အခြေအနေများကို စစ်ဆေးကြရာ လုပ်ငန်းနှင့်စပ်လျဉ်း၍ စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်မှုရှိ/မရှိ အခြေအနေများကို သက်ဆိုင်ရာ ကျေးရွာမှ ဖွံ့ဖြိုးရေးကော်မတီဝင်များက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

 

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) သည် ကျေးရွာပြည်သူလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူလူထုကိုယ်တိုင် ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း လဲချားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသီဟန်လင်းက ပြောသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)