နေပြည်တော်   ဒီဇင်ဘာ   ၂၀ 
             
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်း ပပျောက်မှုကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ 
    
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က စက်မှုဇုန်များအတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးပို့နိုင်ရေး ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့်ပြုပြင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးတို့အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ရေးတို့အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေး ကြိုတင်စီမံ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။   
    
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြပြီး ရန်ကုန်လျှပ်စစ်ဓာတ် အား ပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းနှင့် တာဝန်ရှိသူတို့က ရန်ကုန်မြို့အတွင်း ဖြန့်ဖြူးပေးလျက်ရှိသော မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့ (CNG) ဖြန့်ဖြူးဆောင်ရွက်မှု အခြေအနေ၊ ရန်ကုန်မြို့အတွင်း LNG ရရှိစေရေး ဆောင်ရွက်မည့် အစီအမံတို့ကို ရှင်းလင်း တင်ပြကြသည်။ တင်ပြမှုများအပေါ်  ပြည်ထောင် စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
    
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗိုလ်တစ်ထောင်မြို့နယ် (သန်လျှက်စွန်း) ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်  အကောင်အထည်ဖော်တည်ဆောက်မည့် ၂၃၀ ကေဗွီ သာကေတ-သီတာ ဓာတ်အားလိုင်း (၅ ဒသမ ၃)မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ သီတာပင်မဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာ၊ ဓာတ်အားလိုင်းသွယ်တန်း တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
 
အဆိုပါ ၂၃၀ ကေဗွီ သာကေတ-သီတာ ဓာတ်အားလိုင်း (၅ ဒသမ ၃)မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ သီတာပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်သွားရန် ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ယင်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပြီးစီးပါက ရန်ကုန်မြို့၏ နှစ်စဉ်တိုးတက်သုံးစွဲလာသော ဝန်အားများကို ဖြည့်ဆည်းပေးနိုင်မည့်အပြင်  ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်ပါက အခြားဓာတ်အားလိုင်း တစ်လိုင်းမှပေးပို့ပြီး လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုကို လျော့နည်းသွားစေရေးတည်ဆောက်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)