မြိုင် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် တစ်မြို့နယ်လုံး ပင်စင်လစာငွေထုတ်ပေးရမည့် အငြိမ်းစားဝန်ထမ်း ၁၁၅၅ ဦးရှိပြီး အငြိမ်းစားဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန်အတွက် လစဉ်လတိုင်း နိုင်ငံ့ဝန်ထမ်းများ လစာထုတ်ရက်မတိုင်မီ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်ကင်းဝေးစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အငြိမ်းစားဝန်ထမ်းများအား လက်ဆေးဘေစင်တွင် လက်ဆေးစေခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်းတို့ ဆောင်ရွက်ပြီးမှသာလျှင် ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သူရ(ပုံတောင်)


