ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင် ရန်ကင်းမြို့နယ်၊ (၈) ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင် အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုဇွန် အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့သွားရောက်ရန်မလိုဘဲ နေအိမ်အနီး အလွယ်တကူဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ (၉)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ဆည်မြောင်းချောင်းအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုနှင့် ဆည်မြောင်းချောင်း၏ ဝဲ/ယာတွင် မြေထိန်းနံရံပြုလုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ မာဃလမ်းရှိ ကျိုက္ကဆံချောင်းကူးတံတား(မာဃ)၌ တံတားချဉ်းကပ်လမ်းနှင့် တံတားအောက်ခြေချောင်းစပ်တွင် အမြင်မတင့်တယ်သော မြေကြီးပုံများနှင့် မြက်ချုံများ ရှင်းလင်းရန်၊ ချောင်းအတွင်း အမှိုက်များ၊ နုံးများကို ဆယ်ယူရှင်းလင်းရန်၊ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ (တပ်ရင်းရုံး)ရှေ့လမ်းနှင့် တစ်ဆက်တည်း ကွန်ကရစ်ခင်းကျင်းရန်နှင့် တံတားချဉ်းကပ်လမ်းဝဲ/ယာ သန့်ရှင်းသပ်ရပ်ရေး မြေယာရှုခင်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်း ခုနစ်ပင်လိမ်ချောင်းနှင့် ကားလမ်းအကြား အမှိုက်များ ရှင်းလင်းနေမှုနှင့် ချောင်းကူးတံတားတစ်စင်း ထပ်မံတည်ဆောက်နိုင်ရေး မြေနေရာရွေးချယ်ထားမှုတို့ကို လည်းကောင်း၊ တာမွေယာယီဈေး၌ ဈေးအတွင်း စျေးရောင်း/ စျေးဝယ် ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာန၏ ချမှတ်ထားသော စည်ကမ်းချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားနေမှု၊ ဈေးသစ်တည်ဆောက်ရေးအတွက် ယာယီဈေးရုံတွင် နေရာချထားမှုနှင့် ဈေးအတွင်း နို့ဈေးရုံတို့ကိုလည်းကောင်း၊ ဈေးမြောက်ဘက်ရှိ ဝန်ထမ်းလိုင်းခန်းများနှင့် မိုးမချောင်း မြေထိန်းနံရံ တည်ဆောက်ထားမှုတို့ကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ၁၀ ရပ်ကွက်၊ ပါရမီလမ်းပေါ်ရှိ အင်းလျားကန် ရေဝင်ပေါက်ရေမြောင်းနှင့် ရေစစ်ကန် ပြန်လည်ပြုပြင် တည်ဆောက်ထားမှုကိုလည်းကောင်း၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော် နောက်လမ်း (ဇင်ဇီယာလမ်း) လမ်းတစ်လျှောက် အမှိုက်များ၊ ကျောက်တုံးနှင့် ခဲများ ဖယ်ရှားရှင်းလင်းပြီးစီးမှုနှင့် လမ်းဖောက်လုပ် ဆောင်ရွက်နိုင်ရေး မြေပြုပြင်ခြင်းများ ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်